
ယူကရိန်းငြိမ်းချမ်းမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုမှာ ယူကရိန်းမပါဘဲ ဆုံးဖြတ်လို့မရဘူးလို့ ဥရောပ ခေါင်းဆောင်တွေက သတိပေးပါတယ်။
ဩဂုတ် ၉ ရက်နေ့က ဥရောပခေါင်းဆောင်တွေရဲ့ ပြောကြားချက်မှာ ရုရှားနဲ့ အမေရိကန်ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် တိုက်စစ်ဆင်နေတာကို လျှော့ချရေးတို့အတွက်ပဲ အဓိက ညှိနှိုင်းလို့ရမှာဖြစ်တယ်လို့ ပါဝင်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဖင်လန်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ လီယန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကြေညာချက်မှာ ပေါင်းစပ်တဲ့ သံတမန်ရေးကသာ အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပါရှိပါတယ်။
ဒီကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ တွေ့မယ်လို့ ပြောဆိုခဲ့ပြီးနောက်ရက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း ယူကရိန်းမပါဘဲ သဘောတူညီချက် တစုံတရာပြုလုပ်တာက အသက်မဲ့တဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပူတင်နဲ့ အလာစကာမှာတွေ့ဆုံမှုကို ယူကရိန်း သမ္မတ ဇယ်လန်းစကီးကို ပါဝင်ဖို့လည်း ပြောထားကြောင်း အိမ်ဖြူတော်က ကြေညာထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ပူတင်ရဲ့တောင်းဆိုချက်အရ ၂ ဦးတည်း တွေ့ဆုံဖို့စီစဉ်နေတာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ထပ်မံပြောထားပါတယ်။
ပူတင်နဲ့ ထရမ့်ပ်တို့ဟာ ဩဂုတ် ၁၅ ရက်နေ့မှာတွေ့ဖို့ စီစဉ်ထားပြီး ၃ နှစ်ကျော်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ အဓိက ဆွေးနွေးဖွယ် ရှိပါတယ်။
၃ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းတို့ရဲ့ မှတ်ချက်ပေးတာမျိုးတော့ မရှိသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters