
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကိဗ်ဒေသရှိ လိုဇိုဗာ မီးရထား လမ်းကြောင်းပေါင်းစုံ အချက်အချာဌာနကို ရုရှားက ဒါဇင်နဲ့ချီတဲ့ ရှာဟဒ်ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ရာမှာ လူ ၂ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက သြဂုတ် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းရှိ ဗျူဟာမြောက် မြို့တွေဆီ ရထားလမ်းနဲ့ ဆက်သွယ်ထားတဲ့ ခါကိဗ်ဒေသမှာ လူဦးရေ ၅၀,၀၀၀ လောက်ရှိတဲ့ လိုဇိုဗာမြို့ကို ရုရှားရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသူတွေထဲမှာ ကလေးငယ် ၂ ယောက်လည်း ပါဝင်နေပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဒရုန်း ၃၄ စင်း ပါဝင်ပြီး ရထားဘူတာရုံနဲ့ အနီးနားရှိ သိုလှောင်ရုံတွေ ပျက်စီးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အိုလေး ဆင်နီယယ် ဟူဘော့ဗ်က ပြောပါတယ်။
မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ဒေသတချို့မှာ ရေနဲ့ လျှပ်စစ်မီး ယာယီပြတ်တောက်ခဲ့ပါတယ်။
မြို့ကောင်စီအကြီးအကဲ ဆာဟီး ဇီလန်စကီးက“အရေးကြီး အခြေခံအဆောက်အဦတွေ၊ တိုက်ခန်းတွေနဲ့ ကိုယ်ပိုင်အိမ်တွေ ပျက်စီးကုန်ပါပြီ။ လိုဇိုဗာဟာ စစ်ပွဲအစကတည်းက အကြီးမားဆုံး တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်” လို့ တယ်လီဂရမ်အက်ပ်မှာ ရေးသားခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ခံ့ညားထည်ဝါလှတဲ့ ဆိုဗီယက်ခေတ် မီးရထား အဆောက်အအုံကြီးလည်း ပျက်စီးခဲ့ရပြီး အမှိုက်သရိုက်တွေနဲ့ အပျက်အစီးတွေဟာ ပလက်ဖောင်းစုံ ဘူတာရုံထဲမှာ ပြန့်ကျဲ ရှုပ်ပွနေပါတယ်။
မီးရထားဝန်ထမ်းတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်မီးရထား အော်ပရေတာ ဇာလစ်နစ်ဇီးယားက ပြောပါတယ်။
ယူကရိန်းနိုင်ငံတဝန်း ရုရှားက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၄၆ စင်းထဲက ၂၉ စင်းကို ညတွင်းချင်း ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ မောင်းသူမဲ့လေယာဉ် ၁၇ စင်းဟာ နေရာအသီးသီးကို ထိမှန်ခဲ့ကြောင်းလည်း ဆိုပါတယ်။ ရုရှားဘက်ကတော့ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်မှုနဲ့ ရုရှားက စတင်ခဲ့တဲ့ စစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့ အချက်ကို နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။
Source: Reuters