
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ဘက် မြို့အဝင်အထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၅ ရက် နေ့လယ် ၂ နာရီခွဲကျော်မှာ ဒရုန်းယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါဂိတ်မှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အပါအဝင် အင်အား ၁၀၀ ကျော်နဲ့ စစ်ဆေးရေး ပြုလုပ်တယ်ဆိုပြီး ဖြတ်သန်းသွားလာသူမျာကို ဖမ်းဆီး ငွေညှစ်တာတွေပါ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
ရေဦးပကဖ တာဝန်ရှိသူ ဦးနန္ဒဝင်းက “ကျနော်တို့ နေ့လယ်ခင်းက စစ်တပ်ရဲ့ စစ်ဆေးဂိတ်ကို ဒရုန်းယာဉ်နဲ့ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်ဗျ။ ကျနော်တို့ မြို့ပေါ်ကို စုံစမ်းကြည့်တဲ့အခါ စကစဘက်က ၃ ဦး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိပြီး ရေဦး ဆေးရုံမှာ ဆေးကုသခံယူနေတယ်။ နောက်ပြီးတော့ အသေးစားထိခိုက်မှုတွေလည်း ရှိတယ်လို့ သိထားရတယ်။ နောက်ပြီး ရေဦး ဆေးရုံဘက်ကိုလည်း စုံစမ်းထားသေးတယ်။ အဲအတိုင်းပဲ သတင်းရထားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး”လို့ DVB ကို ပြောပါတယ်။
ရေဦးမြို့အဝင်အထွက်ဂိတ်များကို စစ်တပ်က လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်များချကာ နယ်ဘက်မှ မြို့ပေါ်ကို ဈေးတက်ဝယ်တဲ့ ပြည်သူတွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေလည်း ပြုလုပ်တယ်လို့ သိရပါတယ်။
ရေဦးမြို့ပေါ်နေ ပြည်သူတယောက်က “ကျနော်တို့မြို့ရဲ့ မြောက်ဘက်ကနေ ပေါက်ကွဲတဲ့အသံ ၃ ချက်တော့ ကြားလိုက်ရတယ်။ ဘာတွေဖြစ်တယ်တော့ မသိရဘူး။ သူတို့ကတော့ အဲဒီဂိတ်တွေကနေ အရပ်သားတွေလည်း ဖမ်းပြီး စစ်မှုထမ်းထဲ ထည့်တယ်။ မြို့ပေါ်ကနေ ဈေးဝယ်သွားတဲ့ပစ္စည်းတွေလည်း ချယူတာတွေ လုပ်တယ်ဗျ။ ဘာပစ္စည်းတွေ ချယူလေ့ရှိလဲဆိုရင် ဆေးဝါး၊ ခြင်ဆေးခွေ၊ သွားတိုက်ဆေး စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို PDF ထောက်ပံ့တယ်ဆိုပြီး ချယူတယ်။ ဆန်၊ ဆီ၊ ဓာတ်ဆီ အဲဒါတွေလည်း ချယူတယ်ဗျ။ နေ့ခင်းကတော့ ပေါက်ကွဲအသံ ၃ ချက်တော့ ကြားလိုက်တယ်။ ဘယ်သူ့ဘက်က တိုက်ခိုက်မှုလုပ်တယ်လို့တော့ ကျနော် မသိရဘူး” လို့ ပြောပါတယ်။