
တနင်္သာရီမြို့နယ် သဲဖြူရွာသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို ကြိမ်ချောင်းရွာဟောင်းနားမှာ စွန့်ပစ်ထားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
အသတ်ခံရသူတွေဖြစ်တဲ့ ညီအစ်ကိုတွေ ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် စောပလိုနဲ့ အသက် ၃၃ နှစ်အရွယ် စောဘီကီ တို့ဖြစ်ပြီး မိသားစုဝင်တယောက် နေမကောင်းဖြစ်တာကြောင့် ဆေးဆရာသွားခေါ်ချိန် ဇူလိုင် ၁၅ ရက်နေ့မှာ ပျောက်ဆုံးသွားတယ်လို့ KNU တပ်မဟာ (၄) ဆီက သိရပါတယ်။
ပျောက်ဆုံးသွားတဲ့ ညီအစ်ကို ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို ကြိမ်ချောင်းရွာဟောင်းနား စွန့်ပစ်ထားခဲ့တယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။
KNU မြိတ်-ထားဝယ် အတွင်းရေးမှူး ပဒိုစောအယ်နားက “ခေါင်းတွေလည်း မရှိတော့ဘူး။ အလောင်းလည်း ပျက်စီးသွားပြီ။ ကြိုးတွေလည်း တွေ့တယ်။ ကျနော်တို့ အတည်ပြုနိုင်တာက ဒီမှာ စကစစစ်ကြောင်းနဲ့ တိုးတယ်။ တိုးပြီးတော့ သူတို့အဖမ်းခံရပြီးတော့ အသတ်ခံရတယ်” လို့ ပြောပါတယ်။
“ရုပ်အလောင်းတွေ့တော့ ဘယ်သူဘယ်ဝါမှန်း အတည်မပြုနိုင်သေးဘူး။ ရွာတွေမှာ အကြောင်းကြားတယ်။ သြဂုတ် ၁ ရက်နေ့ မိသားစုဘက်က လာကြည့်တဲ့အချိန်မှာ ပျောက်ဆုံးနေတဲ့ ရွာသားတွေမှန်း သိရတယ်။ အင်္ကျီတွေကို မှတ်မိကြတယ်လေ” လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။
ကြိမ်ချောင်းရွာဟောင်းက သဲဖြူရွာနဲ့ သိန်းခွန်းရွာကြားမှာရှိပြီး သိန်းခွန်းရွာအနီးတဝိုက်မှာ စစ်ကောင်စီ အင်အား ၃၀၀ နီးပါးလောက် ရှိတယ်လို့ KNU တပ်မဟာ ၄ ဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်၊ သိန်းခွန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလကတည်းက စစ်ရေးပြင်းထန်နေတာကြောင့် ဒေသခံအများအပြား နီးစပ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။