
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာနဲ့ ကမ်းတိုရွာကြားမှာ စစ်ကား ၈ စီးကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
သြဂုတ် ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်မှာ မြိတ်ဘက်ကနေ တနင်္သာရီဘက်ကိုလာတဲ့ ရိက္ခာနဲ့ အင်အားပါ စစ်ယာဥ်တန်းကို ရမ်းဖိုရွာတံတားနားမှာ ဗိုလ်ခရင်းတပ်ဖွဲ့က မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် ရမ်းဖိုရွာအနီးတဝိုက်မှာ လမ်းကင်းယူထားတဲ့ စစ်တပ်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု မရှိပေမဲ့ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ယာဥ်တန်းဟာ တနင်္သာရီဘက်ကို ဆက်မောင်းလာပြီး ရမ်းဖိုနဲ့ ကမ်းတိုကြားမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နောက်တကြိမ် တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ နဲ့ ဇုန် ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အဆိုပါစစ်ကားတွေဟာ တနင်္သာရီမြို့နယ်၊ သိန်းခွန်တိုက်ပွဲမှာ စစ်ကူပေးတဲ့ကားတွေ ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
တနင်္သာရီမြို့နယ်၊ သိန်းခွန်တိုက်ပွဲမှာ စစ်ကူပေးနေတဲ့ စစ်ကားတွေနဲ့ အဆိုပါစစ်ကားကို လုံခြုံရေးယူပေးနေတဲ့ ရမ်းဖိုရွာအနီးက မြေပြင်စစ်ကြောင်းတွေကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရပါတယ်။