Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် အရပ်သား ၁၀ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
August 2, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာမှာ စစ်ကောင်စီတပ်က အရပ်သား ၁၀ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်အထိ ပြန်လည်မလွတ်မြောက်လာသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၃၀ ရက်နေ့၊ ညနေ ၅ နာရီမှာ လယ်တောင်ယာရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အရပ်သား ၁၀ ယောက်ကို နာမည်စာရင်းနဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နာမည်စာရင်းက စစ်မှုထမ်းမဲပေါက်သူတွေရာ၊ PDF နဲ့ ဆက်နွှယ်တဲ့သူတွေရောပါတယ်။ သားမရှိရင် အဘကိုဖမ်းတယ်။ အသက်မပြည့်တဲ့သူ ၃ ယောက်လောက်ပါတယ်။ အတိအကျတော့မသိရသေးဘူး” လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဆီ လွှဲပြောင်းဖို့အတွက် တနင်္သာရီမြို့၊ စစ်ဆေးရေးဂိတ်မှာ ထိန်းသိမ်းထားတယ်လို့သိရပြီး အခုအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ လယ်တောင်ယာရွာထဲမှာ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိနေသေးလို့ ရွာအရှေ့ဘက်က ဒေသခံတချို့ပဲ ရွာမှာဆက်လက်နေထိုင်နေကြပြီး ရွာအနောက်ဘက်က ဒေသခံအများစုကတော့ နီးစပ်ရာကျေးရွာနဲ့ ဥယျာဉ်တွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013