
တနင်္သာရီတိုင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဒေသခံတွေမနေထိုင်ရဲတော့တဲ့ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ အထိုင်ချထားပြီး လူနေအိမ်တွေထဲက ပစ္စည်းတွေကိုယူသုံးနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပြည်ထောင်စုကားလမ်းမပေါ်က ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖို၊ ပနပ်ငယ်၊ ကဒဲလိပ်၊ အော်ကြီး နဲ့ လယ်တောင်ယာကျေးရွာတို့ကို ဇူလိုင် ၉ ရက်နေ့က တပ်သားအင်အားအများအပြားနဲ့ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး အခုချိန်ထိ ထွက်မသွားသေးတဲ့အပြင် အသုံးအဆောင် ပစ္စည်းတွေကိုလည်း ယူဆောင်သလို တချို့အိမ်တွင်းပစ္စည်းတွေကိုလည်း ရိုက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ဘန်းလမွတ်ရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“လမ်းတွေမှာ ဂိတ်လိုမျိုးဖွင့်ပြီးတော့ စစ်ဆေးတားဆီးနေတာပါ။ အိမ်တွေဆို ရစရာကို မရှိတော့ပြီ။ ကျမအိမ်မှာဆို ဘုရားဆင်းတုတော်ပါမရှိတော့ဘူး။ ဘယ်လောက်ထိ အောက်တန်းကျလဲ ပြောမတတ်တော့ဘူး”
စစ်ကောင်စီတပ်တွေ ဝင်ရောက်အထိုင်ချထားတဲ့ ကျေးရွာတွေမှာ ဒေသခံပြည်သူ အများအပြားဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရံဖန်ရံခါမှ လာရောက်ယူဆောင်ကြရတာဖြစ်ပါတယ်။
ပြည်ထောင်စုကားလမ်းမပေါ်မှာပါ စစ်ကောင်စီတပ်သားတွေ အများအပြားရှိနေပြီး ဆိုင်ကယ်၊ ကားတွေနဲ့သွားလာတဲ့ ခရီးသွားပြည်သူတွေဆီက စားသောက်ကုန်ရိက္ခာတွေအပြင် ပိုက်ဆံကိုလည်း အလွန်အကျွံတောင်းနေတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“တရွာမှာ အင်အား ၅၀ လောက်ရှိနေတာပါ။ ခရီးသွားကားတွေမှာ စစ်ဆေး၊ ငွေတောင်းတာတွေ လုပ်တယ်။ ဆိုင်ကယ်တွေလည်းစစ်ဆေးခံရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေမှာပါလာတဲ့ အသီးအနှံတွေ၊ စားသောက်ကုန်တွေကိုပါ တောင်းယူနေကြတာဗျာ”
အခုအချိန်ထိ စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ အိမ်မပြန်ရဲကြသလို လိုအပ်တဲ့ရိက္ခာပစ္စည်းတွေလည်း သွားမယူရဲကြဘဲ လူငယ်လူရွယ်ပိုင်းတွေကတော့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးစစ်ဆေးခံရမှာကို ကြောက်ရွံ့ စိုးရိမ်နေကြရတဲ့အတွက် တတ်နိုင်သမျှ ထိပ်တိုက်မတွေ့အောင် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။