
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရနဲရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တောင်ဦးရွာကနေ ရနဲရွာဘက်ကို စစ်ကောင်စီရဲ့ အင်အား ၂၄၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းထိုးချိန် DSNDA အဖွဲ့က ဖြတ်အားပြင်းမိုင်း၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ရာမှာ မိုင်းကွင်းထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းကွင်းအကျော်မှာ လက်နက်ငယ်နဲ့ ထပ်မံပစ်ခတ်ချိန် ၂ ယောက်ထပ်သေဆုံးပြီး ဒဏ်ရာရသူတွေကို ရနဲကျေးရွာထဲကို ကားနဲ့ သယ်သွားခဲ့တယ်လို့ DSNDA ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
“သေတာက ၁၂ ယောက်လောက်သေတယ်ဗျ။ လက်ရှိတော့ ပြည်သူတွေ အကျပ်အတည်းရောက်နေတာပေါ့။ စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားတာတွေရှိတယ်။ ၃ ယောက် ဖမ်းခံရတယ်ကြားပြီး ထပ်ဖမ်းခံရတယ်လည်း ကြားတယ်၊ သတင်းအတိအကျတော့ မရသေးဘူး။”
စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်နဲ့ ရနဲကျေးရွာမှာ လက်ရှိတပ်စွဲထားပြီး အနီးနားက တောင်ပို့ခေါင်း၊ ဂွေးပင်၊ ဆပ်ခြံ တောင်ဦး၊ တဲ့လုရွာတွေမှာလည်း ဖြန့်ကြက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။
အနီးနားက တောတောင်တွေထဲကိုလည်း လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်ကာ ရွာထဲက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ပြီး ပြန်မလွှတ်ပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရွာငံအနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအများအပြား ဖြန့်ကြက်ထားပြီး စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်ကား၊ ရဲကားတွေအနီး သွားလာတာ၊ စစ်တပ်၊ ရဲတွေနဲ့ အနီးနား နေထိုင်တာတွေ မပြုလုပ်ကြဖို့ကို DSNDA တပ်က အသိပေးထုတ်ပြန်ထားပါတယ်။