
တရုတ်-မြန်မာနယ်စပ်။ မူဆယ်မြို့နဲ့ ထိစပ်နေတဲ့ နမ့်ခမ်းဘက်လမ်းနဲ့ ၁၀၅ မိုင်ဘက် အဝင်အထွက်လမ်းတွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေး ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသား တယောက်က “မူဆယ် အဝင်အထွက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတွေဖုန်းတွေကို စစ်ဝာာ။ ဆိုင်ကယ်တွေရော အကုန်စစ်တယ်။ တနေ့ညကပဲ ကျနော် ကြုံခဲ့ရတယ်”လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဖုန်းတွေကို အသေးစိတ် စစ်လာတာ တွေ့ရယ်လို့ ဒေသခံက ပြောပါတယ်။
ယာဉ်မောင်း တယောက်က “ဒီရက်ပိုင်း မူဆယ်ကနေ ၁၀၅ မိုင်ဘက် အဝင်အထွက်ရော နမ့်ခမ်းဘက် အဝင်အထွက်ရော အတော်စစ်တယ်။ ကားတွေရော အကုန်စစ်တယ်။ ကုန်တွေပါ ပေးမဝင်ဘူး။ MNDAA (ကိုးကန့်တပ်) တွေကို သိန္နီကနေ ဆုတ်ခိုင်းတာကို မဆုတ်ချင်သလိုလည်း သတင်းထွက်နေလို့ ထင်တယ်။ MNDAA ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ တရုတ်နယ်စပ်ဂိတ်ကနေ ဝင်လာတဲ့ တရုတ်ကုန်ပစ္စည်းတွေ မူဆယ်ဘက် ဘာမှ များများစားစား သယ်ဝင်လို့ မရဘူး”လို့ ပြောပါတယ်။
လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင် ကုန်တွေ သယ်ဆောင်လို့ရတဲ့ မူဆယ် ဆင်ဖြူဂိတ်မှာလည်း ကုန်စည် သယ်ဆောင်ခွင့် ကန့်သတ်ဝာာတွေ၊ တင်းကျပ်တာတွေ ရှိနေပါတယ်။
MNDAA ထိန်းချုပ်ရာ ကျင်စန်းကျော့ တရုတ်နယ်စပ် ဂိတ်ကနေတော့ တရုတ်ဘက် တရားဝင် အခွန်ဆောင်ပြီး မြန်မာဘက်ခြမ်း မြောက်ပိုင်း မဟာမိတ်ညီနောင်တွေဆီ အခွန်ဆောင်ကာ တရုတ် ကုန်ပစ္စည်းတွေကို ကုန်ကားကြီးတွေနဲ့ တင်သွင်းကာ မူဆယ်မြို့ထဲလည်း ပြန်ဝင်နေတာ ဖြစ်ပါတယ်။