Home
မြန်မာသတင်း
ပြင်ဦးလွင်က နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ် ဖယ်ရှားခိုင်း
DVB
·
July 22, 2025

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအတွင်းက မြေလွတ်မြေရိုင်းအပေါ်မှာ ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ် ၂၀၀ ကျော်ကို ဇူလိုင် ၂၂ ရက် နောက်ဆုံးထား ရွှေ့ပြောင်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးနေတယ်လို့ ပြင်ဦးလွင်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က စစ်ကောင်စီလက်အောက်ခံ ပြင်ဦးလွင် မြေစာရင်းဦးစီးဌာနကနေ ဇီးပင်ကြီးကျေးရွာအုပ်စုအတွင်းက မြေတွေဟာ မြေလွတ်မြေရိုင်းဖြစ်တာကြောင့် ၇ ရက်အတွင်း အပြီးဖယ်ရှားဖို့ ဒေသခံတွေကို အကြောင်းကြားစာ ပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဇီးပင်ကြီးရွာမှာ နေအိမ် ၂၆၀ ကျော်၊ လူဦးရေ ၁,၀၀၀ နီးပါး နေထိုင်ပြီး အများစုဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေ ဖြစ်တာကြောင့် နေအိမ်တွေ ရွှေ့ပြောင်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြင်ဦးလွင် ဒေသခံတယောက်က ပြောပါတယ်။

“တချို့တွေတော့ သူတို့ကိုကြောက်လို့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက နိုင်သလောက်လေးတွေ ရွှေ့ကြတာ အိမ်အလုံးပဲ ကျန်တော့တယ်။ ဒေသခံအများစုကတော့ မပြောင်းဘဲ အသနားခံစာ တင်ဖို့ တိုင်ပင်နေကြတယ်။ ဒါပေမဲ့ ရမယ်မထင်ပါဘူး။ ဘုန်းကြီးကျောင်း ၂ ကျောင်းပါ ဖျက်ခိုင်းတာဆိုတော့။ ဒီမနက် အိမ်တွေဖျက်ဖို့ ဘူဒိုဇာတွေကလည်း အသင့်စောင့်နေတာ။ အားလုံးက လက်လုပ်လက်စား တောင်သူတွေဆိုတော့ ငွေပိုငွေလျှံလည်း မရှိတော့ ဘယ်နားနေရမှန်းကို မသိတာ။ အိမ်ငှားဖို့ဆိုတာကလည်း ဈေးမတတ်နိုင်ကြဘူး။”

သတ်မှတ်ရက်အတွင်း အချိန်မီ မဖယ်ရှားသူတွေကို မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ သိန်း ၅၀ ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာလို့ ဆိုပါတယ်။

ဇီးပင်ကြီးကျေးရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း နေထိုင်ကြတာကြောင့် စစ်ကောင်စီတပ်ထံကနေ ကာလတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးငွေရဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးပင်ကြီးရွာက ဒေသခံတွေရဲ့ နေအိမ်တွေ ဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013