Home
မြန်မာသတင်း
သပိတ်ကျင်းမြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကောင်စီတပ် ဖိအားပေးတိုက်ခိုက်နေ
DVB
·
July 18, 2025

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သိမ်းယူထားတဲ့ ၅ မိုင်နဲ့ ၆ မိုင်စခန်းတွေကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူပြီးနောက် ၄ မိုင်ရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၂၀၂၄ ဩဂုတ် ၂၅ ရက်က ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဧရာဝတီမြစ်ရိုးကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

သပိတ်ကျင်းမြို့ကို ပြန်သိမ်းနိုင်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၄ ရက် ညနေပိုင်းက သပိတ်ကျင်းမြို့နယ်၊ ပိုးဇာရွာ၊ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ယောက် သေဆုံးခဲ့ပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “သပိတ်ကျင်းဘက်က ဒီဇူလိုင်လဆန်းကတည်းက တောက်လျှောက် ဖြစ်နေတာက ၆ မိုင်မှာ ဖြစ်နေတာ။ ၆ မိုင်ကနေပြီးတော့ အခု စကစက ဘယ်ရောက်လာလဲ ဆိုတော့ ၆ မိုင်ရဲ့ အနောက်ဘက် ၅ မိုင်၊ ၄ မိုင်အထိ ရောက်သွားပြီ။ ၁၂ ရက်နေ့ ညနေ ၂ နာရီ ၄၀ လောက်ကတည်းက ဝင်သွားတာပေါ့။ ညနေ ၄ နာရီခွဲလောက်ကျတော့ ဒီကောင်တွေ ၄ မိုင်ရွာကို မီးစရှို့တာတွေ့တယ်။ ဒါပေမဲ့ ၄ မိုင်မှာပဲ ရှိသေးတယ် ဒီနေ့အထိ။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာ ရှိတယ်။ သပိတ်ကျင်း ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ အဲဒါက မဟုတ်သေးဘူး။ မြစ်ကမ်းနံဘေးမှာရှိတယ် သပိတ်ကျင်းက။ ၄ မိုင်ဆိုတာက သပိတ်ကျင်းရဲ့ အရှေ့ဘက် ၄ မိုင်အကွာ၊ ၄ မိုင်ရွာပေါ့၊ အဲ့နားက လက်လွှတ်လိုက်ရတာက ၅ မိုင်နဲ့ ၆ မိုင် လက်လွှတ်လိုက်ရတာ၊ ၂ ခုတည်းပဲ။ ၄ မိုင်ကတော့ ဆိုင်နေတာပေါ့၊ သူတို့ ရိက္ခာဖြည့်တင်းတာကတော့ လပခက နေပြီးတော့ MI 17 နဲ့ တောက်လျှောက် ဖြည့်တင်းနေတာ။ ၁၅ ရက်ဝန်းကျင်လောက်ကို ရှိပြီ၊ တရက်ကို တခေါက် သို့မဟုတ် ၂ ခေါက် အဲဒီလိုသွားတယ်။ သပိတ်ကျင်းမြို့ကို ဦးတည်ထိုးရတဲ့ ရည်ရွယ်ချက်က ဧရာဝတီမြစ်ကြောင်းကို စိုးမိုးမှုရချင်တာ ဒါ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်” လို့ သုံးသပ်ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့အောက်ဘက်ပိုင်း ဧရာဝတီမြစ်ရိုးကို ထိန်းနိုင်ဖို့ အမရပူရ၊ ရွှေကြက်ယက်ဆိပ်ကမ်းကနေ မြင်းခြံခရိုင်ဘက်ကို စစ်ရေယာဉ်တွေစုန်ဆင်းပြီး ဆက်တိုက် အင်အားဖြည့်တင်းနေပါတယ်။

မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့နယ်ဘက်ကိုလည်း ဇွန်လကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအရ ဧရာဝတီမြစ်ကမ်းဘေးနယ်တွေကို ဦးတည် ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်မှ ဦးစိုးဝင်းဆွေက “စစ်ကောင်စီက စစ်ရေးအရ တန်ပြန်ထိုးစစ်တွေ လုပ်လာတာမျိုးရှိတယ်။ တိုင်းရင်းသား ERO အဖွဲ့တွေကို တိုက်စွမ်းရည်အရ ဘာမှ သံသယရှိစရာ မလိုဘူး။ သို့သော် နိုင်ငံရေးက ဘယ်လိုဖိအားတွေ၊ ဘယ်လို ဘေးကျပ်နံကျပ် အနေအထားတွေ ရှိနေသလဲပေါ့ဗျာ၊ ဒီအချက်တွေအပေါ်မှာတော့ ကျနော်တို့လည်း စိုးရိမ်မှု ရှိပါတယ်။  ဒီနေ့ အချိန်မှာတော့ နိုင်ငံရေးအရ ဘယ်လိုပြန်စဉ်းစားကြလဲ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေ ဘယ်လိုရှိကြလဲ ဆိုတာတော့ ကျနော်တို့ သေချာမသိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “စစ်ကောင်စီကို အလျှော့ပေးလိုက်တာပေါ့၊ အဲဒီလို အလျှော့ပေးလိုက်တယ်ဆိုတဲ့ လက်နက်ကိုင်တွေကတော့ တရုတ်ရဲ့ဖိအားကြောင့်ပဲ ဒီလိုဖြစ်တယ်လို့ပဲ ကျနော် သုံးသပ်လို့ရတယ်ပေါ့။ ဒါပေမဲ့ သူတို့ဖိအားပေးလို့ မရတာတော့ ခု ကျနော်တို့ သုံးသပ်လို့ ရသလောက်ဆိုရင် KIA နဲ့ AA ရှိတာပေါ့။ ဒါပေမဲ့ အချိန်ကတော့ စကားပြောမှာပေါ့။ နောင်တချိန်မှာလည်း သူတို့က သူတို့ညီနောင်တွေလို ဖြစ်မသွားဘူးလို့ ပြောလို့မရဘူးပေါ့ အနေအထားအရက။ ဘာကြောင့်လဲဆိုတော့ တရုတ်ရဲ့ ဖိအားကလည်း ကြီးတာကိုး” လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးခဲ့ရပါတယ်။

ဇူလိုင် ၁၄ ရက်မှာ ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့၊ ဇူလိုင် ၁၆ ရက်မှာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းနယ်စပ် နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းယူထားပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ပေါင်း ၉၃ မြို့အထိ ရှိနေပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024