
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့အနီးက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ဒီနေ့ ဇူလိုင် ၁၆ ရက်မှာ တိုက်ပွဲဆက်ဖြစ်ပြီးတော့ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီတပ်က လေယာဉ်တွေ ခဏခဏဝဲပြီး ဗုံးကြဲနေတယ်။ မှော်ဝမ်းချသွားတာ အသံကိုကြားရတယ်။ ဒီနေ့က အပေါ်ကလည်း ဗုံးကြဲတယ်၊ အောက်ကလည်း ပြန်ပစ်တယ်။ ဒေသခံတွေ ရှောင်နေကြတာ ၁၀ ရက်လောက်ရှိနေပြီ” လို့ DVB ကို ပြောပါတယ်။
ဖားကန့်နဲ့ တမိုင်ဝန်းကျင်ဝေးတဲ့ မှော်မောင်းလျံ၊ အမှိုက်ပုံ၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မနေ့ကလည်း တိုက်ပွဲပြင်းထန်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ဒေသခံတယောက်ကလည်း “စစ်ကောင်စီတပ်တွေက လမောင်ရွာတပ်စခန်းကုန်းဟောင်းကို ပြန်လည်ရယူချင်လို့ စစ်ကြောင်းထိုးနေတာ။ အဲဒီစခန်းကုန်းအောက်ဘက်မှာ တိုက်ပွဲဖြစ်နေတာလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
လမောင်နဲ့ တောမှော် စစ်ကောင်စီစခန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လမောင်စခန်းကုန်းဟာ ဖားကန့်မှာ အမြင့်ဆုံးစခန်းကုန်း ဖြစ်တယ်လို့ ဆိုပါတယ်။