
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာမှာရှိတဲ့ SKY Hotel အရှေ့မှာ ဇူလိုင် ၁၀ ရက်နေ့လယ် ၁၂ နာရီကျော်ကျော်က အချဉ်ပေါင်းရောင်းနေတဲ့ အမျိုးသားတယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ အသက် ၄၀ လောက်အရွယ် အချဉ်ပေါင်းရောင်းသူ ကိုဇော် ဖြစ်ပြီး လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၊ ရပ်ကွက် ၁ မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတယောက်က “အချဉ်ပေါင်းရောင်းနေရင်း ပစ်သတ်ခံရတာပါ။ ဟိုတယ်ရှေ့တည့်တည့်မှာ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာ။ အချဉ်ပေါင်းသည်ကို ဘယ်အဖွဲ့က ပစ်သတ်တာလဲဆိုတာ မသိသေးပါဘူး” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရလို့ ကိုဇော်ရဲ့ ခေါင်းနဲ့ ဝမ်းဗိုက်မှာ ကျဉ်ထိမှန်ဒဏ်ရာတွေနဲ့ တခါတည်းပွဲချင်းပြီး သေဆုံးသွားပြီး အလောင်းကို လူမှုကူညီရေးအသင်းက သယ်ယူသွားတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးသမားတယောက်က “အခုပစ်သတ်ခံရတဲ့နေရာက လူစည်ကားတဲ့နေရာပါ။ အသတ်ခံရတဲ့သူက အချဉ်ပေါင်းရောင်းချသူပါ။ ဘယ်အငြှိုးနဲ့ပစ်သတ်တာလဲ၊ လူမှားပစ်တာလားတော့ မပြောတတ်သလောက်ပါပဲ။ ဖားကန့်ဘက်မှာ နေ့စဉ်နီးပါးလောက်ကို သတ်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်” လို့ ပြောပါတယ်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီခွဲလောက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လုံးခင်းကျေးရွာအုပ်စု အပေါ်လမ်း သုဿန်အနီး လမ်းဘေးနေရာမှာ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့မှာ သေနတ်သမားတွေရဲ့ပစ်ခတ်လို့ ဇွန် ၁ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ လူ ၁၃ ယောက် သေဆုံးခဲ့ရပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။