Home
မြန်မာသတင်း
ကရင်နီ တိုက်ပွဲများတွင် ရဲဘော် ၂ ဦး ကျဆုံး
DVB
·
July 13, 2025

ကရင်နီ (ကယား) ပြည်နယ်ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  တပ်ရင်း ၂၈ က တပ်စိတ်မှူး ၁ ယောက်နဲ့ ဖားဆောင်းတိုက်ပွဲမှာ SSNDF/KNDF ဗျူဟာအမှတ် ၉၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက ဇူလိုင် ၁၂ ရက်မှာ အသီးသီး ထုတ်ပြန်ပါတယ်။

KNDF တပ်ရင်း ၂၈ က အသက် ၂၄ နှစ်အရွယ်  တပ်စိတ်မှူး ရဲဘော် လုကာ(ထွီး)/အေဒီကျော်ဟာ ဇူလိုင် ၁၀ ရက်မှာ  တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရပြီး ဈာပနကို ဇူလိုင် ၁၂ ရက်မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

SSNDF/KNDF ၁၀၂ တပ်ရင်းက အသက် ၂၃ နှစ်အရွယ်  ရဲဘော် ချိုလွင်မိုး(ခ) လွင်မိုးဟာ ဇူလိုင် ၅ ရက်နေ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

SSNDF/KNDF ၁၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “စခန်းကိုဝင်သိမ်းတဲ့ပွဲမှာပဲ ကျသွားတာဗျ။ တပ်ရင်းကလည်း အများကြီး ပြောပြခွင့်မရှိလို့ပါ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ထား အလေးပြုတယ်” လို့ ပြောပါတယ်။

ဖားဆောင်းက စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၄ စခန်းကို တော်လှန်ရေးအင်အားစုတွေက ဇွန် ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ FTC-2000 G အမျိုးအစား တိုက်လေယာဉ်ကိုလည်း ပစ်ချနိုင်ခဲ့ပြီးနောက် ခလရ ၁၃၅ စခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖားဆောင်း၊ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013