Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း တိုက်ပွဲဖြစ်ပြီး စစ်တပ်မော်တော် တိမ်းမှောက်
DVB
·
July 9, 2025

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ချောင်းဦးမြို့နယ် ၂ ခုကြားကနေ ဖြတ်သန်းစီးဆင်းနေတဲ့ ချင်းတွင်းမြစ်အတွင်းမှာ ဇူလိုင် ၈ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၄ ရက်‌က စတင်ပြီး မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီး ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာရာကနေ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ။

ဒေသခံရွာသားတယောက်က “တိုက်ပွဲက မြစ်ကမ်းဘေး နေရာစုံမှာ ဖြစ်နေတာ။ အခုလည်း ရွှေကုန်း (ခေါ်) ခံကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်နေကြတယ်ဗျ။ စစ်တပ်က ရွှေကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်လို့ အရပ်သား အမျိုးသားတဦး ကျည်စထိမှန် ဒဏ်ရာရတယ်ဗျ။ ဒဏ်ရာက လက်မောင်းရယ် တင်ပါးရယ်ပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ချင်းတွင်းမြစ်အထက်ပိုင်းကို သံခွံ၊ မော်တော်၊ သင်္ဘောတွေနဲ့ ဆန်တက်လာရင်း ချောင်းဦးမြို့နယ်အတွင်းက စစ်တပ်ထောက်ခံတဲ့ ကံကြီးကုန်းပျူရွာအတွက် ဆန်နဲ့ လက်နက်ရိက္ခာတွေ ဆိပ်ကမ်းကပ် ချပေးနေပြီး အဆိုပါ ရိက္ခာလက်နက် ချပေးရာနေရာကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်နေတာကြောင့် အပြန်အလှန် တိုက်ပွဲတွေ ဖြစ်‌နေတယ်လို့ သိရပါတယ်။‌

ချောင်းဦးဒေသခံ အမျိုးသမီးတယောက်က “မနက်ခင်း ၁၀ နာရီ ၄၅ မိနစ်လောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တပ်ဘက်က နမခဘက်ကနေ စက်တပ်လေထီးယာဉ်တွေနဲ့ရော လေယာဉ်တွေနဲ့ပါ စစ်ကူနေတာတွေလည်း မြင်နေရတယ်။ နှစ်ဖက်အသေအဆုံးတော့ ဘာမှမသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက် ရိက္ခာတင် ဖလပ်သံခွန်မော်တော်တွေဟာ မန္တလေးမြို့ ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အတွင်း စုန်ဆင်းလာရင်း မြင်းမူမြို့အနီး မြစ်ပေါက်ရွာနဲ့ လက်ကပင်ရွာကြား ဧရာဝတီမြစ်အတွင်းမှာ ဖလပ်သံခွံမော်တော်တစီး တိမ်းမှောက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မျက်မြင်တွေ့ရတဲ့ ဒေသခံ ရွာသားတယောက်က “စုန်ဆင်းလာတာက ၁၈ စီး စုန်ဆင်းလာတဲ့အထဲက နောက်ဆုံးအစီး မြုပ်တာဗျ။ ဖလပ်က ကုန်တင်လာတာလည်း များတယ်ဗျ။ ဘာတွေတင်လာတာလဲဆိုတော့ စက်သုံးဆီတွေလည်း ပါတယ်။ ဘယ်လိုတိမ်းမှောက်တာလဲ ဆိုတော့ ရေကြောင်းကောင်းတဲ့ဘက် လှည့်တာကနေ တိမ်းမှောက်သွားတာဗျ။ ဖလပ်မော်တော်ပိုင်ရှင်ကတော့ မြင်းခြံမြို့နယ်အတွင်းက စစ်တပ်ထောက်ခံတဲ့ ဆုံရွာကလို့လည်း သိထားရတယ်။ ဖလပ်မော်တော်ကို စစ်တပ်က ချောဆွဲပြီး ပါလာတာလို့လည်း သိထားရတယ်။ မော်တော်ပေါ်က စစ်သားဘယ်နှယောက် သေတယ်လို့တော့ မသိရဘူး” လို့ ပြောပါတယ်။

ဖလပ်သံခွံမော်တော်ဟာ ဇူလိုင် ၅ ရက် ညနေ ၄ နာရီက တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့မှာတော့ ဧရာဝတီမြစ် ရေစီးကြောင်းနဲ့အတူ မျောပါကာ ရွှေပေါက်ပင်ရွာအောက်ဘက် သရက်ငါးပင်အနီး ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

ချင်းတွင်းမြစ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအသေးစိတ်ကို ပြည်သူ့ကာကွယ်ရေး ခေါင်းဆာင်တွေထံ DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တိုက်ပွဲမပြီးဆုံးသေးတာကြောင့် ပြန်လည်ဖြေဆိုခြင်း မပြုသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013