Home
မြန်မာသတင်း
ရိခေါဒါရ်တွင် ချင်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်၊ ပြည်သူ ၃,၀၀၀ ခန့် အိန္ဒိယထွက်ပြေး
DVB
·
July 8, 2025

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှာ ချင်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားတဲ့အတွက် ပြည်သူ ၃,၀၀၀ ဝန်းကျင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်  ၂ ရက်ညနေမှ ၅ ရက်အထိ နယ်မြေအငြင်းပွားမှုကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နဲ့ CDF-Hualngoram တို့ ရိခေါဒါရ်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၄ ရက် ညကလည်း တိုက်ပွဲအတွင်း ပစ်ခတ်ကြတဲ့ သေနတ်ကျည်ဆန် ထိမှန်ပြီး ရိဒ်ခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်က တီချောင်းအနီးမှာနေထိုင်တဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် မြို့ခံပြည်သူတွေ တီချောင်းကိုဖြတ်ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးကြရာက ဇူလိုင် ၅ ရက် မနက် ၈ နာရီမှာလည်း ပြည်သူတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ရှိ ဇိုခေါထာရ်ကျေးရွာမှာ မြန်မာဘက်က ထွက်ပြေးလာသူ ၃,၀၀၀ ဝန်းကျင်ရှိနေပြီး မီဇိုရမ်ဒေသ အာဏာပိုင်တွေက အကူအညီပေးနေပါတယ်။

ဟွာလ်ငိုးဒေသတာဝန်ရှိသူတယောက်က “မီဇိုရမ်ပြည်နယ်ဘက်ထွက်ပြေးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုတော့ ပြည်နယ်အစိုးရနဲ့ NGO တွေက ကြိုဆိုလက်ခံပြီး နေရာထိုင်ခင်းတွေ ချထားပေးပါတယ်။ ဆွေမျိုးရှိတဲ့သူတွေဆိုရင်တော့ ဆွေမျိုးတွေဆီသွားတယ်၊ သွားမယ့်နေရာ မှီခိုအားကိုးစရာ မရှိတဲ့သူတွေကျတော့ အစိုးရနဲ့ အဖွဲ့အစည်းတွေက နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်သူတို့ကူညီစောင့်ရှောင့်ပါတယ်”လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ ဇူလိုင် ၅ ရက်မှာတော့ မီဇိုရမ်ဘက်ကို ကျည်ဆန်တွေ ကျရောက်ခဲ့တဲ့အတွက် အာသံရိုင်ဖယ်တပ်ဖွဲ့က တိုက်ပွဲရပ်ကြဖို့ အသံချဲ့စက်နဲ့ အော်ကာ သတိပေးခဲ့ရပါတယ်။

မီဇိုရမ်ဘက်ကို ယာယီတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို တံတားဖြတ်သန်းခွင့်ရဖို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ကတ်ပြားတွေ ထုတ်ပေးထားပြီး ဇူလိုင် ၈ ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲငြိမ်သက်နေတဲ့အတွက် ပြည်သူတချို့ ရိဒ်ဘက်ကို ပြန်ကြတာတွေရှိပါတယ်။

စစ်ဘေးရှောင်တွေက နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ယာယီနေထိုင်နေကြရပြီး တိုက်ပွဲအခြေအနေကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ရိခေါဒါရ်မြို့ခံတယောက်က “မြို့ထဲမှာနေတဲ့ ပြည်သူတွေက မီဇိုဘက်ကို ရှောင်ကြတယ်။ ဇိုခေါထာရ်ဘက်ကို၊ တံတားကနေပဲဖြတ်တာ သူတို့က ဖြတ်ခွင့်ပေးတယ်။ အိန္ဒိယဘက်ကရော ဒီဘက်ကရော တံခါးဖွင့်ပေးတာပေါ့ ရှောင်ကြဖို့။ အခုက အခြေအနေစောင့်ကြည့်တဲ့ သူတွေလည်းရှိတယ်။ တချို့ကတော့ ပြန်ပြီးတော့ နေတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲကတော့ လောလောဆယ်ညှိနေကြတယ်လို့ ပြောတာပဲ။ သူတို့ကတော့ ဝင်ခွင့်ကတ်ပြားတွေ လုပ်ခိုင်းတာပေါ့။ ဒီဘက်ကနေ ဟိုဘက်ကို ဝင်တယ်ဆို ကတ်ပြားလေးလုပ်ရတယ်။ အဲ့ဒီကတ်ပြားလေးနဲ့ပဲ ပြန်ခွင့်ရှိတာ မဟုတ်ရင် ဖြတ်လို့မရဘူး”လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးစခန်းတည်ရှိတဲ့ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ၁၃ ရက်ကလည်း ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram ၊ PDA-Tidem ၊ CDF-Thantlang နဲ့ CDF-Zanngiatram စတဲ့ ချင်းလဲန်းကောင်စီတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဟွာငိုးလ်ဒေသ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ဖွဲ့ကာ အုပ်ချုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ ပါတယ်။

လက်ရှိမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နဲ့ CDF-Hualngoram တို့ နယ်မြေအငြင်းပွားမှုဖြစ်ကာ တိုက်ပွဲတွေဖြစ်ပြီးနောက် ရိခေါဒါရ်မြို့ကို CNDF က ထိန်းချုပ်ထား ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013