Home
မြန်မာသတင်း
ဇီးကုန်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
DVB
·
July 15, 2025

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အတွင်းက အထက ၁ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၄ ရက် နေ့ခင်း ၁ နာရီမှာ ဝင်ရာက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

အခုလို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်တိုက်ခဲ့တဲ့ ရဲဘော်တယောက်က ပြောပါတယ်။ 

“ရုတ်တရက် မထင်မှတ်ဘဲ ကျနော်တို့ ကားထဲမှာ ပုန်းဝပ်လိုက်လာပြီး သူတို့စခန်းအနီးရောက်မှ အကုန်လုံး ဝိုင်းပစ်ခဲ့ကြတာဗျ။ တိုက်ပွဲအတွင်းက ကာဘိုင် ၂ လက်၊ AK တလက် အိုက်ကွန် ၂ လုံး သိမ်းဆည်းရရှိပြီး ကျနော်တို့ ကာကွယ်ရေးရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးဗျ” လို့ ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှုပ်ထွေးနေပြီး မြို့ပေါ်နေ ပြည်သူတွေကတော့ စိုးရိမ်ကြောက်လန့်မှုနဲ့ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။

ဇီးကုန်းမြို့ပေါ်က ဈေးဆိုင်ပိုင်ရှင်တယောက်က “ကျနော်တို့နေတဲ့ နေရာနဲ့ကတော့ ဝေးတယ်ဗျ။ တိုက်ပွဲဖြစ်ပြီး ပစ်တဲ့ သေနတ်သံတွေ ဆူညံနေတာတော့ ကြားရတယ်။ အခုလို သေဆုံးတယ်ဆိုတာတော့ မသိရဘူး။ အခုလို တိုက်ပွဲဖြစ်ပြီး လမ်းပေါ်တွေမှာလည်း လူသွားလူလာရှင်းနေတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ တမြို့လုံးကလူတွေ ကြောက်လန့်နေကြရတယ်။ လက်နက်ကိုင်အားလုံးကို ကြောက်ရတာပဲ။ သူတို့မထင်လို့ သတ်ရင် ကိုယ်ဘာမှ မတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ကန့်ဘလူခရိုင်လှုပ်ရှား ပကဖ ဗိုလ်ရသ (ခ) ဗိုလ်ပိုင်ချဲ့ အဖွဲ့နဲ့ ရေဦးနယ် ဓူဝံပကဖ ဂျာဂျာအဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပြီခဲတဲ့ ဇွန် ၃၀ ရက် မနက် ၆ နာရီ ၁၅ မိနစ်ကလည်း ဇီးကုန်းမြို့ မူးဆုံ စစ်ဆေးရေးဂိတ်စခန်းမှ ဇီးကုန်းမြို့ထဲ ကင်းလှည့်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တင် ၆ ယောက်ကို Kantbalu Counter Revolution Army (KBU-CRA) အဖွဲ့က ဦးဆောင်ကာ Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖ၊ Kantbalu တောသား ပကဖ မဟာမိတ်ပူးပေါင်းအဖွဲ့ တိုက်ခိုက်လို့ စစ်သား ၄ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013