
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ဇူလိုင် ၁၄ ရက် မနက်အစော ၁ နာရီဝန်းကျင်မှာ ဒီးမော့ဆိုက နေရာ ၃ နေရာကို လေကြောင်းကနေ ပေါင် ၂၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်တာကြောင့် ပြည်သူတယောက် ထိခိုက်ပြီး နေအိမ် ၂ လုံးနဲ့ ကား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတယောက်က “ရွာနား စစ်ရှောင်စခန်းနား ကျတာဆိုတော့ တော်တော်လေး ကြောက်လန့်ကြတယ်။ ညဆို အိပ်တောင် မအိပ်ရဲတော့ဘူး” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာ နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ပြုလုပ်တဲ့အတွက် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ဖားဆောင်းမြို့နယ် လိုလော်ထီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၃ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ပြီး နေအိမ်နဲ့ ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဇူလိုင် ၇ ရက်နဲ့ ၂ ရက်နေ့မှာလည်း ဖယ်ခုံနဲ့ ဒီးမော့ဆိုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပါတယ်။