
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မော်မောင်းဘွမ်ကျေးရွာ စာသင်ကျောင်းမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ လာတာ။ လေယာဉ်လာတဲ့အသံ မကြားလိုက်ဘူး။ ဆက်တိုက် ဗုန်း ဗုန်း ဗုန်း ဆိုတဲ့အသံ ကြားလိုက်တာ။ လေယာဉ်ပေါ်က ဗုံးကြဲချလိုက်တာ။ နောက်တော့ တပတ်လောက် ပျံနေသေးတယ်။ ပြီးတော့ စက်သေနတ်နဲ့ ပစ်သွားတာ ပြီးမှပြန်သွားတယ်။ မော်မောင်းဘွမ်က ဒေသခံတွေက စစ်ရှောင်နေကြတော့ ထိခိုက်မှုမရှိဘူး။ စစ်ကြောင်းထိုးလာကတည်းကဆိုရင် ဒါက ဒုတိယအကြိမ်မြောက် လေယာဉ်နဲ့ ဗုံးလာကြဲတာ။”
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လမောင်ကုန်းနဲ့ မော်မောင်းဘွမ် စတဲ့ စစ်ရေးအတွက် ဗျူဟာမြောက် တောင်ကုန်းနေရာတွေကို ပြန်ရဖို့ဖို့ ဇွန်လကုန်ပိုင်းကနေ ထပ်မံကြိုးစားလာတာ ဖြစ်ပါတယ်။
ဇူလိုင် ၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဖားကန့်တပ်မကုန်းကနေ စစ်ကြောင်းတွေခွဲပြီး ဖားကန့်ကျောက်ဝိုင်း၊ အေးမြသာယာ၊ ကုလားဂျောင်တို့ဘက်က စစ်ကြောင်းထိုးလာတာကြောင့် အေးမြသာယာနဲ့ မော်မောင်းလျန်တို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ဒါကြောင့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေက ဇွန် ၁၅ ရက် နောက်ပိုင်း မှော်ဝမ်းကြီး၊ မှော်ကလေး စတဲ့ ကျေးရွာတွေကို စစ်ကြောင်းတခု၊ မှော်ဆီစာကျေးရွာကနေ အင်းမိုင်းယန်ဘက်ကို ဦးတည်ပြီး နောက်ထပ် စစ်ကြောင်းတခု တက်နိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
မှော်ဆီစာကနေ အင်းမိုင်းယန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းက ဆက်တက်လို့မရဘဲ မှော်ဆီစာကျေးရွာနဲ့ အမှိုက်ပုံကျေးရွာ(ဆွတ်ဘွမ်)ရှိ လူနေအိမ်တွေမှာ တပ်စွဲထားတယ်လို့ KIA သတင်းရင်းမြစ်က သိရပါတယ်။
ဇူလိုင် ၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်လာတာကြောင့် KIA၊ KPDF တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်လောက် ရှိလာပြီး စစ်ကောင်စီဘက်ကလည်း ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်ကူနေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဘက်က ဇူလိုင် ၁၂ ရက်ညက ဖားကန့်တပ်မကုန်းကို တိုက်ခိုက်ခဲ့ပြီး ယူမာအနီးလည်း ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကာ အရပ်သား ၂ ယောက် ပစ်ခတ် ဒဏ်ရာနဲ့ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
မေလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖားကန့်မြို့နယ်ထဲ အင်အားအလုံးအရင်း ဝင်ရောက်လာကတည်းကနေ တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားတာကြောင့် မော်မောင်းလျန်၊ ဗလခ၊ တောင်ပြို၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး၊ စပျစ်ခူးကွက်သစ်၊ မျောက်ဖြူ၊ ရှရော်ခ၊ အင်မားယန်၊ ကုလားမှော်၊ မော်မောင်းဘွမ်နဲ့ အမှိုက်ပုံ(ဆွတ်ဘွမ်) ကျေးရွာက ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။