Home
မြန်မာသတင်း
မိုးကုတ်နှင့် ကျောက်မဲကို  စစ်တပ်က ထပ်မံဗုံးကြဲ၊ ပြည်သူများ ထိခိုက်ဒဏ်ရာရ 
DVB
·
July 14, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပြီးခဲ့တဲ့ရက်မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ယောက်လောက် ဒဏ်ရာရပြီး လူနေအိမ်အချို့ ပျက်စီးသွားပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက်ည ၁၀ နာရီ ၃၃ မိနစ်မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈  ယောက် ထိခိုက်ဒဏ်ရာရထားပြီး ၄ ယောက်က  စိုးရိမ်ရတယ်လို့  မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

“ဝါဆိုလပြည့်နေ့တုန်းက ဗုံးကြဲတဲ့ရွာကိုပဲ ထပ်ကြဲတာ။ ပထမကြဲခံရတာက အပေါ်ရွာ၊ အခုက အောက်ဘက်ကျတယ်။ ၅ အိမ်ပဲရှိလို့ ၅ အိမ်တန်းလို့ခေါ်ပါတယ်။” 

ပန်းမထိပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတလုံးကြဲချခဲ့တာကြောင့် နေအိမ် ၅ လုံးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေက ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ 

ဗုံးကြဲတဲ့နေရာအနီးမှာ မိုးကုတ်မြို့အ‌ရှေ့ပိုင်း အဝင်နေရာရှိပြီး  TNLA မထိန်းချုပ်ခင်က စစ်ကောင်စီတပ်ထိုင်ခဲ့တဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့အပြင် လက်ရှိမှာတော့ TNLA ဘက်က ဂိတ်ထိုင်ထားတဲ့နေရာဖြစ်ပါတယ်။

တောင်ကချင်ရပ်ကွက်ဒေသခံတယောက်က “ဗုံးကြဲတာတော့တလုံးတည်းပဲ၊ ကြဲပြီးတာကို နိမ့်နိမ့်လေးပြန်ဝဲနေလို့ ကြောက်နေရတယ်။ ပန်းမထိပ်နားမှာ Mount Mogok ( မောင့်မိုးကုတ်) ဟိုတယ်ရှိတယ်။ အရင်က လူကြီးပိုင်းတွေတည်းတာ”လို့ ပြောပါတယ်။ 

ဇူလိုင် ၇ ရက် ညပိုင်းကလည်း ပန်းမထိပ်ရွာက‌ ဂေါ်ရခါးလူမျိုးတွေနေထိုင်တဲ့နေရာကို စစ်တပ်က ဗုံးကြဲတာကြောင့် ကလေး ၂ ယောက် သေဆုံးပြီး ပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၄ နေရာမှာလည်း ဇူလိုင် ၁၃ ရက် မနက် ၆ နာရီကျော်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိန္နဲကုန်းကျေးရွာမှာ  ၃ နေရာ၊ ကျောက်တောင်ဘက်မှာ တနေရာ စုစုပေါင်း  ၄ နေရာကို ဗုံးကြဲသွားတာလို့ ဒေသခံ အမျိုးသားတယောက်ကပြောပါတယ်။

“ပိန္နဲကုန်းရွာက တနေရာမှာတော့ အိမ်တအိမ်ရှေ့တည့်တည့်ကျပြီး အဲဒီအိမ် တော်တော် ပျက်စီးသွားတယ်။ ဘေးအနီးနားက အိမ်တွေ မှန်ကွဲ၊ ပြတင်းပေါက်တွေ ယိုင်ကုန်တာတွေရှိပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။”

န္နဲကုန်း ဝါဆိုကျောင်းအနီး ဇလပ်ဝါဘေးမှာ တလုံး၊ ပိန္နဲကုန်းကြက်ခြံ တလုံး၊ မောင်ကောင်းမူးရွာ ကြက် ၅ ကောင် ချောင်းဆိုးပျောက်ဆေးအိမ်မှာ တလုံး၊ ကျောက်တောင် အ.မ.က ၁၃ ကျောင်းတွေဘက်မှာ မနက် ၆ နာရီ ၉ မိနစ်၊ ၆ နာရီ ၁၄ မိနစ်၊ ၆ နာရီ ၁၉ မိနစ်တွေမှာ လေကြောင်းနဲ့ ဗုံး ကြဲချသွားတာလို့ ဆိုပါတယ်။

မန့်နားနဲ့ ကျောက်တောင်အစပ် အမက ၁၃ မူလတန်းကျောင်းမှာ ဗုံး ၂ လုံးကြဲသွားပြီး လူတွေထိခိုက်တာတော့ မရှိဘူးလို့ ကျောင်းအနီးနားမှာနေထိုင်တဲ့  ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျောက်မဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ ဗုံး ၇ ရက် လာရောက်ကြဲချ တိုက်ခိုက်ပြီး ဒေသခံ ၈ ယောက် သေဆုံးခဲ့ကာ အယောက် ၃၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013