Home
မြန်မာသတင်း
ညောင်ဦးမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ လူနေအိမ် ၄၀၀ ခန့် မီးလောင်ပျက်စီး
DVB
·
July 14, 2025
Photo: ညောင်ဦး ပကဖ ရဲဘော်တဦး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ လူနေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံ ပကဖ ရဲဘော်တယောက်က “ညောင်ဦးက ခန်းမဖွင့်ပွဲကို မင်းအောင်လှိုင် လာဖို့ရှိတယ်ဆိုပြီးတော့ အခုလဆန်းပိုင်းကတည်းက လုံခြုံရေးအင်အားတွေ အများကြီး ချထားတယ်။ တော်တော်များတယ်။ ပုဂံမှာကော ညောင်ဦးမှာကော အနှံ့ပဲ။ နယ်မြေရှင်းဖို့ဆိုပြီးတော့လည်း ရွာတွေကိုစစ်ကြောင်းထိုးနေတာက ၂ ကြောင်းရှိတယ်။ အဲ့ဒိစစ်ကြောင်းတွေက (--) တွေကပဲ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတာ။ အဲ့ဒိစစ်ကြောင်းတွေက ခလရ ၄၁၅ ထဲကနေ ထွက်လာလိုက် ပြန်ဝင်သွားလိုက်ပဲ။ အရင် လကုန်ပိုင်းလောက်က စစ်ကြောင်းတကြောင်းအတိုက်ခံရလို့ သူတို့ဘက်က ခွေးသေဝက်သေ ၃၀ လောက်ခဲ့တာကို အခဲမကြေတာလည်း ပါနိုင်တာပေါ့” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၈ ရက်က ယာတောကြီး၊ ချောင်းရှည်၊ အနောက်အုံကျေးရွာတွေအပြင် ဇူလိုင် ၉ ရက်မှာ မြောင်၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ ကျေးရွာတွေနဲ့ ဇူလိုင် ၁၂ ရက်မှာတော့  မီးလောင်ဖျား (တောင်)၊ မီးလောင်ဖျား (မြောက်)၊ ရွာသစ်ဥယျာဥ်ကျေးရွာတွေက လူနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ခဲ့ပါတယ်။

ညောင်ဦးပကဖတာဝန်ခံက “ဇီးစမြင်ရွာဆိုရင် တရွာလုံးကအိမ်တွေ အကုန်နီးပါပဲ။ မီးလောင်ဖျားတောင်မြောက်ရွာတွေဆိုရင် အိမ်ခြေ ၂၀၀ ကျော်။ နောက်ပြီး မြောင်၊ ဇီးစမြင်၊ ကျောက်ပြင်ကန်ရွာတွေဘက်ကဆို အိမ်ခြေ ၁၅၀ နီးပါးရှိတယ်။ ယာကြီးတောနဲ့ ချောင်းရှည်ဘက်တွေကလည်း အိမ်ခြေ ၅၀ နီးပါး မီးရှို့ခံရတယ်။ ညောင်ဦးအနောက်ခြမ်းက ကျေးရွာပါ။ ပြည်သူပိုင်ပစ္စည်းတွေခိုးပြီးအိမ်တွေ မီးရှို့ဖျက်ဆီးနေကြတဲ့ စစ်သားနဲ့ ပျူအင်အားက ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်ရှိတယ်။ အခုလောလောဆယ်ကတော့ တိုက်ပွဲဖြစ်တာမရှိသေးဘူး။ စစ်ရေးအခြေအနေက တင်းမာနေတယ်”လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလို့ ထွက်ပြေးကြရတဲ့ ပြည်သူတွေဟာ သောင်းချီရှိသလို လူနေအိမ်တွေမီးရှို့ဖျက်ဆီးခံကြရတဲ့ ထောင်ချီတဲ့ဒေသခံပြည်သူတွေအတွက် နေထိုင်စရာ နေရာတွေအပြင်  စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေပါတယ်။

ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၂ ရက် အထိ ညောင်ဦးခရိုင်ထဲက ငါ့သရောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရက်ရှည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါးသေဆုံးခဲ့သလို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ရဲဘော်တွေအပါအဝင် တော်လှန်ရေးရဲဘော် ၁၁ ယောက် ကျဆုံးခဲ့ပြီး လက်နက်တွေသိမ်းဆည်းခံခဲ့ရပါတယ်။

ဒီနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အခုလိုစစ်ကြောင်း​ထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး​နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024