
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှနဲ့ လက်ပံတန်းမြို့နယ်ထဲက ရေစက်ကွင်း၊ ညောင်ပင်သာ၊ ဘီလူးမကျေးရွာတို့ကို ဆက်သွယ်ထားတဲ့လမ်းတွေကို ဇူလိုင် ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးပြီး ညဘက်မှာလည်း စီတုန်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညောင်ပင်သာ၊ ဟိုင်းယု၊ ရေငံ၊ စီတုန် ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘက်ဟိုးနဲ့ တူးဖော်ဖျက်ဆီးခဲ့ပြီး အနောက်စီတုန်ကျေးရွာကို ည ၁၂ နာရီမှာ မီးစရှို့တာလို့ ဆိုပါတယ်။
ညောင်ပင်သာရွာနေထိုင်သူတယောက်က “စစ်ကြောင်းထိုးဝင်ရောက်ဖို့ လမ်းတွေကို အရင်ဖြတ်နေတာ။ ပြီတော့ ည ၁၂ နာရီထိုးမှာ အနောက်စီတုန်ရွာကို စပြီးမီးရှို့တာ။ ခုလောလောဆယ်တော့ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
ရှက်ကွင်း၊ ညောင်ပင်သာ၊ စီကွ၊ ဂန့်ဂေါ်ပင်ရွာဘက်မှာ စစ်ကောင်စီအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး ပြည်သူအတော်များများကိုလည်း ဖမ်းထားသလို ဂန့်ဂေါ်ပင်ရွာက လူ ၅ ယောက်ကိုလည်း ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့မှာပဲ ပဲခူးတိုင်းအနောက်ဘက် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်စု ဖားလေးကွင်းအရှေ့စုရွာနဲ့ ဖားလေးကွင်းအနောက်စုရွာတို့ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး မီးတင်ရှို့ခဲ့သေးတယ်လို့ သိရပါတယ်။