
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၁၁ ရက်နေ့ကစလို့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၁ ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့ကောင်တွေက အင်အား ၁၀၀ ကျော်ပါတယ်။ ၁၁ ရက်နေ့ နေ့လယ်ပိုင်းလောက်က မြို့လှနဲ့ ထန်းနှစ်ပင်ကြားမှာရှိတဲ့ EPC ရုံးမှာ တပ်စွဲနေတဲ့ကောင်တွေထဲကမှ ကား ၅ စီးလောက်နဲ့လာကြတာ။ ရွာတွေကို ၂ ရက်ဆက်တိုက် မီးရှို့သွားကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ စိန်ပန်းကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသလို ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာလည်း တမာချောင်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိန်ပန်းကုန်းကျေးရွာထဲကို မဝင်ရောက်ခင် လက်နက်ကြီးတွေနဲ့ ကြိုတင်ပစ်ခတ်ခဲ့လို့ အသက် ၄၀ အရွယ် အမျိုးသား ၁ ယောက်ဟာ ထွက်ပြေးရင်း စိန်ပန်းကုန်းကျေးရွာ သင်္ချိုင်းကုန်းထဲမှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲ က “ဆိပ်ဖြူနဲ့ စိန်ပန်းကုန်းရွာက ၅ မိုင်လောက်ပဲဝေးတယ်။ ခွေးတွေက ပြည်သူကိုတွေ့ရင် ပေါ်တာဆွဲမယ်။ ပြည်သူပိုင်ပစ္စည်းကို ခိုးမယ်။ ဖျက်ဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကြောင်းထိုးလာတာလို့ပဲ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့တပ်ဖွဲ့အပြင် တခြားတပ်ဖွဲ့တွေနဲ့ရော သူတို့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ မရှိခဲ့လို့ပါ။ ခွေးတွေ မီးရှို့သွားလို့ စိန်ပန်းကုန်းရွာက အိမ်အလုံး ၆၀ လောက် ပျက်စီးပြီးတော့ ထွက်ပြေးတဲ့ ပြည်သူ ၁ ယောက် လက်နက်ကြီးထိပြီး ဆုံးသွားတယ်။ တမာချောင်ကျေးရွာကတော့ အိမ် ၃ လုံးလောက် မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဆိပ်ဖြူမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးတာတွေ မကြာခဏပြုလုပ်နေသလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေ သေဆုံးထိခိုက်ပြီး အိုးအိမ်တွေလည်း ပျက်စီးနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။