Home
မြန်မာသတင်း
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲ  
DVB
·
July 13, 2025
Photo: ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဒီတပတ်အတွင်း ၃ ရက်မြောက် ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ဒဏ်ရာရပြီး လူနေအိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၆ နာရီ ၈ မိနစ်နဲ့ ၁၉ မိနစ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)  ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ လူနေရပ်ကွက်ထဲကို ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

မန့်နား- ကျောက်တောင်အစပ် အ.မ.က ၁၃ ကျောင်းအနီး ၂ လုံး၊ ဝါဆိုဘုန်းကြီးကျောင်းလမ်း ၁ လုံး၊ ပိန္နဲကုန်းဘက်ကို ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၉ ရက်နဲ့ ၁၁ ရက်နေ့ကလည်း ကျောက်မဲမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ယောက်သေ၊ ၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး လူနေအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

TNLA ထိန်းချုပ်ထားတဲ့မြို့ ၁၂ မြို့ထဲက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့က လူနေရပ်ကွက်တွေပေါ်ကို စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဗုံး ၁၀ ကြိမ်ထက်မနည်း ကြဲချတိုက် ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၅ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁,၅၀၅ ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁,၃၄၉ ယောက်ဝန်းကျင်ကို သီးခြားကောက်ယူထားပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပြင် အရပ်သားပြည်သူ စုစုပေါင်း ၆,၉၃၄ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013