
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၂ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ယောက်ဒဏ်ရာရပြီး အိမ်တချို့ပျက်စီးတယ်လို့ သိရပါတယ်။
မိတ္ထီလာ ရှမ်းတဲလေတပ်ကတက်လာတဲ့ ဂျက်တိုက်လေယာဉ်က လိပ်ကျရွာကို ည ၇ နာရီ ၁၈ မိနစ်မှာ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့ရွာမှာတော့ ဘာတိုက်ပွဲမှမရှိဘူးဗျ။ တိုက်ပွဲမရှိဘဲ ပစ်တာကြီးကတော့ အတော်လေးကို တရားလွန်ပါတယ်ဗျာ။ ဗုံးကြဲချသွားတာက တလုံးတည်းပါ။ ကြဲတဲ့ဗုံးကလည်း အတော်ကြီးတယ်ဗျ။ မြေကြီးတွေပါတုန်ခါသွားတယ်။ လူတွေလည်း အခုထိ နားတွေအူနေတယ်။ သူတို့အခုလိုဗုံးကြဲချလို့ ၁၆ နှစ်အရွယ် ပြည်သူအမျိုးသမီး ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်ဗျ။ နောက်ပြီး ပြည်သူပိုင်နေအိမ် ၆ လုံးပျက်စီးခဲ့သေးတယ်”
ဇရပ်ကွင်းရွာကိုတော့ ညပိုင်း ၇ နာရီ ၂၂ မိနစ်မှာ ဗုံးတလုံးကြဲသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ချတာက ပေါင် ၂၅၀ ဗုံးလို့ ယူဆရတဲ့ ဗုံးသီး ၁ လုံးကြဲချသွားတယ်ဗျ။ အဲလိုကြဲချလို့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ရတယ်ဗျ။ နောက်ပြီးတော့ ပြည်သူပိုင်နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်”
သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာရှိပေမယ့် အခု ဗုံးကြဲခဲ့တဲ့ရွာတွေမှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဗုံးကြဲတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က “ကျနော်တို့ပြောနိုင်တာက ပြည်သူများအနေနဲ့ စကစနဲ့ ဝေးရာမှာနေထိုင်ကြဖို့နဲ့ စကစရဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက် ပုန်းခိုကျင်းများ တူးထားပြီး တိမ်းရှောင်ကုဖို့ကိုပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ဇူလိုင်လအတွင်း လေကြောင်းကနေ ပိုတိုက်ခိုက်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်ဦးရေ တိုးလာတာနဲ့အမျှ အစားအသောက်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။