
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းက ပန်းမထိပ်ရပ်ကွက်ကို ဇူလိုင် ၁၃ ရက် ညပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲအား ပြင်းထန်တဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာကြောင့် အသက် ၅ နှစ်ကျော်အရွယ် ကလေးငယ် ၂ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ပန်းမထိပ်ရပ်ကွက်က ဈေးဆိုင်ထိတာ။ ဦးမော်လီတို့ အိမ်လို့ ဒီမနက်က ဖုန်းဆက်တော့ သိတယ်ဗျ။ ကလေး ၂ ဦး၊ အမျိုးသမီးတဦးနဲ့ အမျိုးသား ၃ ဦးက ဗုံးအစတွေ စိုက်ဝင်ကြတာ။ ကျောတွေ လက်တွေမှာ ထိကြတာ။ အိမ်တည့်တည့်ကိုကျတော့ မိသားစုဝင်တွေ အကုန် ဒဏ်ရာရတာ၊ သေဆုံးတာဗျ။”
မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မိုးကုတ်မြို့မဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရသူတယောက်ကိုတော့ မန္တလေးဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးကတော့ စစ်ကောင်စီတပ်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ဆိုင်ရာ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။