Home
နိုင်ငံတကာ
ရေသယ်နေသည့် ဂါဇာကလေးငယ်များ အစ္စရေးဒုံးကျည်ထိ သေဆုံး
DVB
·
July 14, 2025
Photo: REUTERS/Stringer

ဂါဇာအလယ်ပိုင်းမှာ ဇူလိုင် ၁၃ ရက်က  ရေသယ်ဖို့ စောင့်ဆိုင်းနေကြတဲ့ ကလေးငယ် ၆ ယောက် အပါအဝင် ပါလက်စတိုင်း ၈ ယောက် ဒုံးကျည်ထိမှန် သေဆုံးခဲ့ပြီး ၁၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF) ကတော့ ဒုံးကျည်ပစ်လွှတ်ရာမှာ ချို့ယွင်းမှုတခုရှိခဲ့တဲ့အတွက်  ပစ်မှတ်ကနေ မီတာဒါဇင်ချီ ချော်ပြီးတော့ ထိမှန်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ 

ဒီဒုံးကျည်ဟာ အဲဒီဧရိယာထဲက အစ္စလာမ်မစ်ဂျီဟတ်စစ်သွေးကြွတယောက်ကို ရည်ရွယ်ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

မသက်ဆိုင်တဲ့ အရပ်သားတွေ ထိခိုက်မှုအတွက် IDF အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

နူဆေရတ် ဒုက္ခသည်စခန်းက ရေပေးဝေတဲ့နေရာကို ထိမှန်ခဲ့တာ ဖြစ်တယ်လို့ အယ်လ်အော်ဒါ ဆေးရုံက တာဝန်ရှိသူတယောက်က ပြောပါတယ်။

လောင်စာဆီ ပြတ်တောက်မှုကြောင့်  ပင်လယ်ရေငန်နဲ့ ရေဆိုးသန့်စင် စက်တွေ ပိတ်ထားရတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဂါဇာမှာ ရေပြတ်လပ်မှု သိသိသာသာ ဆိုးရွားလာခဲ့ပါတယ်။ 

ဒါကြောင့် လူအများစုဟာ ရေပေးဝေးရေးနေရာတွေမှာ ပလတ်စတစ်ပုံးတွေနဲ့ လာတန်းစီရတာ ဖြစ်ပါတယ်။ 

နောက်နာရီပိုင်းအကြာမှာ ဂါဇာကမ်းမြောင်ရဲ့ အကြီးဆုံးမြို့ ဂါဇာစီးတီးက စျေးတခုမှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ၁၂ ယောက် သေဆုံးခဲ့ပြီး ထင်ရှားတဲ့ ဆေးရုံအတိုင်ပင်ခံဆရာဝန်ကြီးတယောက်ပါ ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ဖြည့်စွက်အစာနဲ့ ဆေးရဖို့တန်းစီနေတဲ့ ကလေးငယ်အများအပြား အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

အဲဒီတုန်းကလည်း အကြမ်းဖက်သမားတယောက်ကို ပစ်မှတ်ထားတာဖြစ်ပြီး မသက်ဆိုင်တဲ့ အရပ်သားသေဆုံးမှုတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ IDF က အလားတူ ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကျန်းမာရေးဌာနရဲ့ အဆိုအရ ၂၀၂၃ အောက်တိုဘာ ဂါဇာစစ်ပွဲစကတည်းက သေဆုံးသူ ၅၈,၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး အရပ်သားနဲ့ တိုက်ခိုက်ရေးသမား ခွဲခြားရေတွက်တာ မဟုတ်ပေမဲ့ သေဆုံးသူ ထက်ဝက်ကျော်ဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။ 

Source: Reuter

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024