Home
နိုင်ငံတကာ
အစ္စရေးနှင့် ဆက်စပ်သည့် ကုန်ပစ္စည်းများကို ဟူသီ သယ်ခွင့်ပိတ် 
DVB
·
July 12, 2025
Photo :Reuters

ပင်လယ်ပြင်ရှိ သတ်မှတ်ဧရိယာတွေကနေ အစ္စရေးနဲ့ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုမ္ပဏီကိုမှ သယ်ယူပို့ဆောင်ခွင့်မပြုဘူးလို့ ယီမင်ရှိ ဟူသီပြည်သူ့စစ်ခေါင်းဆောင်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။

ဟူသီခေါင်းဆောင် အဗ္ဗဒူလ်မာလိခ်အလ်ဟူသီက “စစ်ဆင်ရေးတွေ ကြေညာထားတဲ့ ဧရိယာ တလျှောက် အစ္စရေးရန်သူအတွက် ကုန်ပစ္စည်းသယ်ယူတဲ့ ဘယ်ကုမ္ပဏီကိုမှ ခွင့်မပြုပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်”လို့ သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။ 

ပင်လယ်ပြင်မှာ လနဲ့ချီ ငြိမ်သက်နေခဲ့ပြီးနောက်မှာ ယီမင်မှ ဟူသီသူပုန်တွေဟာ  အနည်းဆုံး သင်္ဘောသား ၄  ယောက် သေဆုံးခဲ့ရတဲ့ သင်္ဘော ၂ စင်းကို တိုက်ခိုက်နစ်မြုပ်ခဲ့အပြီး လတ်တလောရက်ပိုင်းမှာ ပင်လယ်နီကို ဖြတ်သန်းရတဲ့ ကုန်စည်ပို့ဆောင်မှု အာမခံစရိတ်ဟာ ၂ ဆကျော် မြင့်တက်လာခဲ့တယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဖြစ်ပျက်ခဲ့တာတွေက အစ္စရေးရန်သူကို အကျိုးဆောင်ပေးနေတဲ့ ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအားလုံးအတွက် ရှင်းလင်းတဲ့ သင်ခန်းစာတခုဖြစ်ပြီး၊ သူတို့ဟာ ဒီတင်းမာမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်လို့ ဟူသီခေါင်းဆောင် အလ်ဟူသီက ပြောပါတယ်။

“ယီမင်ရဲ့ ရပ်တည်ချက်ကတော့ ခိုင်မာပြတ်သားပြီး ဂါဇာကမ်းမြောင်ကို အစ္စရေးရန်သူ ဆက်ပြီး ကျူးကျော်နေသရွေ့ ပင်လယ်နီ၊ အေဒင် ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်မှာ ရေကြောင်းသွားလာမှုကို တားဆီးဖို့ ဆုံးဖြတ်ချက်ကလည်’ တည်မြဲပါတယ်။” 

ပင်လယ်နီဟာ ရေနံနဲ့ ကုန်ပစ္စည်းတွေအတွက် အရေးပါတဲ့ ရေလမ်းတခုဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ယီမင်ကမ်းလွန်မှာ ဟူသီတွေရဲ့ တိုက်ခိုက်မှုကို စတင်ခဲ့ကတည်းက အသွားအလာ ကျဆင်းသွားခဲ့တာပါ။

ဟူသီသူပုန်တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ဒီဇင်ဘာအထိ သင်္ဘောအစီးရေ ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။

မေလတုန်းက အမေရိကန်ဟာ ရေကြောင်းသွားလာမှုတွေကို တိုက်ခိုက်နေမှုကို အဆုံးသတ်ရေးအတွက် ဟူသီသူပုန်တွေကို ဗုံးကြဲတိုက်ခိုက်ခြင်းကို ရပ်တန့်မယ့် သဘောတူညီချက်တရပ်ကို ကြေညာခဲ့ပေမဲ့ ဟူသီတွေက သဘောတူညီချက်ထဲမှာ အစ္စရေးကို ငဲ့ညှာပေးဖို့အချက် မပါဝင်ဘူး လို့ ပြောကြားခဲ့ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024