
တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်က တရားမဝင် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းတွေကို ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့လယ်ကောင်မှာရှိတဲ့ Fully Light ဟိုတယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသား ၂၀ ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတယ်လို့ မူဆယ်ဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
"သူတို့ဝင်စီးတာက ၉ နာရီလောက်။ ၁၁ လောက်ကျတော့ ဟိုတယ်အထဲ ကားတွေဝင်သွားတယ်။ အဲဒီက ဖမ်းမိတဲ့လူတွေကို နောက်ပြန်ကြိုးတုပ်ပြီး ခေါ်တင်သွားတာ။ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းလို့ရတယ်။ ဝင်ဖမ်းဆီးတဲ့အချိန်က ရဲရော၊ စစ်သားရော ၄၀ ကျော်တယ်။”
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မူဆယ်မြို့အတွင်းက ကောင်းမှုတုံရပ်ကွက်နဲ့ စွမ်စော်ရပ်ကွက်မှာ ရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ ဝင်ရောက်စီးနင်းကာ တရုတ်နိုင်ငံသား ၄၁ ယောက်နဲ့ မြန်မာနိုင်ငံသား ၉၇ ယောက်တို့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဆက်တိုက် ဖိအားပေးလာတာကြောင့် စစ်ကောင်စီက စီမံချက်နဲ့ ဖော်ထုတ် ဖမ်းဆီးနေတာလို့ မူဆယ်ဒေသခံတယောက်က ထပ်ပြောပါတယ်။
“မူဆယ်မှာ ကျားဖြန့်တွေ မရှိတော့ဘူးဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ) က ဒီကျားဖြန့်တွေဆီက လစဉ် ပိုက်ဆံရတယ်လေ။ အဲဒီတော့ ကျားဖြန့်တွေက သက်ဆိုးရှည်တာပေါ့။ ဒီလိုစီမံချက်တွေရှိမှသာ အဖမ်းပြတာ။ ဖမ်းတာကလည်း အငယ်တွေပဲ ဖမ်းတာ။ တကယ့်ကို ကြီးကြီးမားမား လုပ်နေကြတဲ့ သူတွေဆိုရင် သတင်းကြိုရလို့ အကုန်ကြိုရှောင်ထားကြတယ်။”
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်နဲ့ တရုတ်-မြန်မာနယ်စပ် စတဲ့ဒေသတွေမှာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ကတော့ ကျားဖြန့်ဂိုဏ်းတွေနဲ့ အဲဒီဂိုဏ်းတွေမှာ အတင်းအကျပ် စေခိုင်းခံရသူတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ မကြာခဏ ထုတ်ပြောနေပေမဲ့ လက်တွေ့မှာတော့ အမြစ်ပြတ် ပျောက်သွားတာ မရှိဘူးလို့ ဆိုကြပါတယ်။