
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ၅ မိုင်ရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြန်ရသွားတဲ့ရွာဟာ မန္တလေး-မြစ်ကြီးနားလမ်းဘေး၊ သပိတ်ကျဉ်းမြို့နဲ့ ၅ မိုင်အကွာမှာ တည်ရှိတဲ့ရွာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ စစ်ရေးရင်းမြစ်တယောက်က “ပထမတုန်းက သူတို့ ၄ မိုင်နဲ့ ၆ မိုင်ကို သူတို့ဘက်က ထိုးတာတွေ ရှိတယ်ပေါ့နော်။ အဲမှာတင် ၆ မိုင်တို့ ဘာတို့ ခဏပါသွားသေးတယ်။ ပြီးတော့ ပြန်တိုက်ယူလိုက်တော့ တော်လှန်ရေးတပ်ဘက် ပြန်ရတာပေါ့နော်။ အခု ၅ မိုင်က စစ်ကောင်စီလက်ထဲကို ပြန်ပါသွားတာ ရက်ပိုင်းလောက်ရှိပြီ” လို့ ပြောပါတယ်။
ဇွန်လဆန်းပိုင်းကတည်းက တွင်းငယ်ရွာနားမှာရှိတဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃) မှာ စုဖွဲ့ပြီး ၅ မိုင်ရွာဘက်ကို စစ်ကူပို့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက်အထိ သပိတ်ကျဉ်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး အဓိကအနေနဲ့ ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်နဲ့ ၇ မိုင်နေရာတွေမှာ ဆက်လက်စစ်ရေးတင်းမာနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ၁၂၂၂ တပ်ရင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်း ပ.က.ဖ တို့အပြင် မိုးကုတ်ဗျူဟာ၊ PLA၊ MDY-PDF၊ TNLA ပူးပေါင်းတပ်တွေက ခုခံနေတာလို့ သိရပါတယ်။
မန္တလေးမြို့နဲ့ မိုင် ၉၀ နီးပါးအကွာက သပိတ်ကျင်းမြို့ကို ပြည်သူ့တော်လှန်ရေးတပ်-PDF ပူးပေါင်းတပ်တွေက ဩဂုတ် ၂၅ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေ အားလုံးကို မသိမ်းပိုက်နိုင်ခဲ့ဘဲ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ ၇ မိုင်ရွာမှာရှိတဲ့ စခတ-၂ ခေါ် စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီးရွာက နည်းပညာတပ်တွေ ကျန်ရှိနေပါတယ်။
ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် အသေးစိတ် မသိရသေးပေမဲ့ သပိတ်ကျဉ်းနဲ့ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ ဗုံးတွေ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အရပ်သား ထိခိုက်မှုနဲ့ စစ်ရှောင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။
စိုးသူအောင်