Home
မြန်မာသတင်း
ကျုံဒိုး-ကော့ကရိတ်ရှိ စစ်တပ်စခန်းများကို KNLA ပူးပေါင်းစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်
DVB
·
July 9, 2025

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒေသခံတယောက်က “ကျုံဒိုး-ကော့ကရိတ်ဘက်ကတော့ နေ့တိုင်းလိုလို လက်နက်ကြီး လေယာဉ်သံ မြည်နေတယ်။ ကျုံဒိုး-ကော့ကရိတ်ဘက်ခြမ်းကတော့ နေ့စဉ်ရက်ဆက်ပဲ။ ဒီ ၁ ရက် ၂ ရက်မှာ လေယာဉ်ကြဲနေတယ်။ တိုက်ပွဲတွေက ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ ကော့ဘိန်း၊ တရနာဘက်က လူသစ်(သင်တန်းဆင်း)တွေကို ကောက်နုတ်ပြီး ပို့ပို့နေတယ်။ အင်အားဖြည့်တင်းနေလို့ နေ့တိုင်း တိုက်ပွဲက ပြင်းထန်နေတယ်။ သူတို့(စစ်ကောင်စီ)က ရတဲ့နည်းနဲ့ တိုးနေပုံရတယ်” လို့ ပြောပါတယ်။

ကျုံဒိုးနဲ့ ကော့ကရိတ်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေဟာ ဘားအံ၊ မော်လမြိုင်၊ သာမညနဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျုံဒိုးဒေသခံတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ခေါ်ယူနေပါတယ်။ တိုက်ပွဲမပြီးမချင်း အသက်အန္တရာယ်နဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရမယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က‌ “တိုက်ပွဲမပြီးမချင်းတော့ ရှောင်ရမှာပဲ။ အသက်အန္တရာယ်နဲ့ ဘေးလွတ်ရာကို ရှောင်ရမယ်။ အခုလက်ရှိကတော့ သူတို့ အိမ်ရာတွေ ပြန်လို့မရဘူးလေ။ အိုးအိမ်တွေ ပျက်စီးမယ်။ သူတို့ မွေးမြူထားတဲ့ ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်တွေ မတော်တဆ ထိခိုက်ပြီးတော့ သေဆုံးနိုင်တယ်။ လောလောဆယ်တော့ သူတို့ရဲ့ သားသမီးတွေ ကျောင်းမတက်နိုင်ဘူး။ ကျောင်းပိတ်ထားရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အထင်လွဲမှားကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA တပ်ပေါင်းစုဘက်ကလည်း ပြည်သူလူထုတွေ ဘေးကင်းရာမှာ ရွှေ့ပြောင်းနေထိုင်ဖို့နဲ့  လက်ရှိတိုက်နေတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013