
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲကို စစ်ကောင်စီတပ်က နေရာယူပြီးတဲ့နောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ အိမ်ပေါင်း ၇၀ ကျော်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။
ဇူလိုင် ၃ ရက်လောက်ကစပြီး မိုးဗြဲလမ်းမကြီးကို စစ်ကောင်စီတပ်က စိုးမိုးပြီးတဲ့နောက် မိုးဗြဲမြို့ထဲက နေရာတွေကိုလည်း နေရာယူ တပ်စွဲတာတွေ ပြုလုပ်ပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
မြေပြင်သတင်းရင်းမြစ်က “တရက်ကို အနည်းဆုံး ၁၅ လုံးလောက် မီးရှို့တာ တွေ့ရတယ်။ မနက် နေ့ ည မီးရှို့တယ်။ ဆက်တိုက်ပါပဲ” လို့ ပြောပါတယ်။
မိုးဗြဲကိုရရှိဖို့ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး စစ်ကြောင်းထိုးတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာ ၆ လကျော် ရှိသွားခဲ့ပါတယ်။
စစ်ကြောင်းထိုးတဲ့တောက်လျှောက် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ရှိနေပြီး တိုက်ပွဲကြောင့် နှစ်ဖက် အထိအခိုက် အကျအဆုံးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ခုလက်ရှိမှာလည်း မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။