
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ကောင်စီရဲ့ နတ်အိမ်တောင်နဲ့ အမြောက်ကုန်း လှုပ်ရှားတပ်ခွဲက ဗိုလ်ကြီးတယောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ တပ်ရင်း ၁၀ ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU တပ်မဟာ ၄ က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဘက်ပြောင်းခိုလှုံလာသူဟာ ဗိုလ်ကြီးဇော်ဇော်အောင် ဖြစ်ပြီး လောင်းလုံး ခလရ ၁၀၄ တပ်ရင်းမှ တပ်ခွဲမှူးဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဥ် ၅၂ ကျောင်းဆင်းတယောက်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “သူက အရင်က ခိုလှုံလာခဲ့တဲ့ ဗိုလ်ကြီးမျိုးဆွေဦးနဲ့ ချိတ်ဆက်ပြီးတော့ ၁၃ ရက်နေ့မှာ ဝင်လာတယ်။ လက်နက်တော့မပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးဟာ KNU တပ်မဟာ ၄ ဆီ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။
အဲဒီဗိုလ်ကြီး ခိုလှုံလာပြီးနောက် ၇ ရက်အကြာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သုခစခန်းကို မနက်ပိုင်းအတွင်းမှာ သိမ်းယူနိုင်ခဲ့ပါတယ်။