Home
မြန်မာသတင်း
မတ္တရာနှင့် ပုသိမ်ကြီးတို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
July 21, 2025

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်နဲ့ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ချုပ်စပ်နေရာတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက် မနက်ပိုင်းကစတင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး နေ့ခင်း ၁၁ နာရီက စတင်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို စစ်ကောင်စီတပ်က ဒဟတ္တော ကွန်ပြူတာတက္ကသိုလ်ကျောင်းနဲ့ ထီးတော်မိုးအရှေ့ဘက် ရွှေဖောင်ဦးတောင်ပေါ်ရှိ အထိုင်စခန်းကနေ ပစ်ခတ်တာလို့လည်း သိရပါတယ်။

ဒေသခံ ပြည်သူတယောက်က “ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာရှိ စကစနဲ့ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနက်ခင်း ၄ နာရီကတည်းက ဝင်တိုက်လို့ တိုက်ပွဲက အဲဒီမှာ စဖြစ်တယ်ဗျ။ တိုက်ပွဲက ပြင်းထန်တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်ကတော့ တနေကုန်ပါပဲ။ စစ်တပ်က အထိနာလို့ဖြစ်မယ်၊ နေ့ခင်း ၁၁ နာရီကျော်ကစပြီး လေယာဉ်မျိုးစုံနဲ့ တိုက်ပွဲဖြစ်ရာအနီးရော၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နေရာတွေရော အကုန်ပတ်ပြီး ဗုံးလည်းကြဲတယ်၊ စက်လက်နက်လည်း ပစ်တယ်ဗျ။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတဲ့ မြေပြင်အခြေအနေကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောင်တိုက်ခိုက်‌နေတဲ့ အပေါ် စစ်တပ်ထောက်ခံတဲ့ လော်ဘီချယ်နယ်တခုဖြစ်တဲ့ KO CHIT (MDY) ဆိုသူက အထိုင်စခန်းကို အင်အားအများအပြားနဲ့ ဝင်တိုက်နေပေမဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်များက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်နေတယ်လို့ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ မတ္တရာ-မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်တန်း အထိုင်စခန်းတွေ ဖြစ်တဲ့ မြကန်သာရွာနဲ့ သရက်ကိုင်းရွာ အထိုင်စခန်းတွေကို ကျနော်တို့ ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကား ၅ စီးနဲ့ ဒဏ်ရာရတဲ့ သူတွေရော၊ သေဆုံးတဲ့ အလောင်းတွေကိုရော မန္တလေးမြို့အတွင်းကို သယ်သွားတယ်လို့ ဒေသခံတွေဆီကနေ ကျနော်တို့ သိထားရတယ်ဗျ။ ကျနော်တို့ဝင်တိုက်လို့ စစ်တပ်ဘက်က အကျဆုံးများပြီး Y-12 နဲ့ ၁၄ ကြိမ် ပတ်ပစ်တာက တခါ၊ ၁၀ ကြိမ်ပတ်ပစ်တာက တခါ‌ ပတ်ပစ်တယ်။ ဗုံးလည်း ကြဲသွားသေးတယ်။ နောက်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း ဂျက်ဖိုက်တာနဲ့ ၆ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသေးတယ်ဗျ။ ကျနော်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ဒီနေ့မနက်ပိုင်းက မတ္တရာမြို့ထဲ နာရေးကားတွေ‌ ခေါ်သွားပြီး ဒဏ်ရာရ‌ သေဆုံးတဲ့ စစ်သားတွေတင်ပြီး မန္တလေးဘက်ကို ထွက်သွားတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာက ပြည်သူတွေကတော့ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013