Home
မြန်မာသတင်း
ပုသိမ်ကြီး သရက်ကိုင်းရွာစခန်းကို PDF သိမ်းယူ၊ မတ္တရာတွင် စစ်တပ်က ဖိအားပေး တိုက်ခိုက်နေ
DVB
·
July 21, 2025

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာနဲ့ သရက်ကိုင်းကျေးရွာတို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင် ၂၀ ရက်မှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သရက်ကိုင်းကျေးရွာ အထိုင်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့​ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ် အစပ်မှာရှိတဲ့ သရက်ကိုင်းရွာ အထိုင်စခန်းကို သိမ်းယူပြီးနောက် မြကံသာ အထိုင်စခန်းဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြကံသာနဲ့ သရက်ကိုင်းကျေးရွာတွေ အနီးမှာ စစ်ကောင်စီက လက်လွှတ်ထားရတဲ့ မတ္တရာနယ်ထဲက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တည်ရှိပါတယ်။ စစ်ကောင်စီက မတ္တရာမြို့နယ်ကို ဇူလိုင်လလယ်ပိုင်းမှာ ဆက်တိုက်ဖိအားပေး တိုက်ခိုက်နေတာပါ။

ဇူလိုင် ၁၄ ရက် ည ၁၂ နာရီကျော်မှာ မတ္တရာနယ်၊ အုန်းပင်ကျေးရွာဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံ ပျက်စီးခဲ့ပါတယ်။ ဆေးရုံထဲမှာ ဘယ်သူမှမရှိတော့တဲ့အတွက် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက ပြောပါတယ်။

“မြကံသာမှာ စကစ ထိုင်ထားတာရှိတယ်၊ သရက်ကိုင်းဆိုတာ မြကံသာရဲ့ ကပ်ရပ်ပေါ့။ အဲဒီ မြကံသာနဲ့ သရက်ကိုင်းက ပုသိမ်ကြီးမြို့နယ်ရဲ့ အဆုံးပဲ။ အဲဒီမှာ စကစထိုင်ထားတာ နှစ်ပေါက်နေပြီ။ အဲဒီရဲ့ မြောက်ဘက်မှာဆိုရင် ကျောက်တံတားစာသင်ကျောင်း၊ အဲဒီအထဲမှာ စကစရှိတယ်။ လေကြောင်းချတဲ့နေရာက အယ်လ်ဖာဘိလပ်မြေစက်ရုံ ရှိတယ်လေ၊ ကိုယ့်ဘက်က ရထားတာလေ။ အယ်လ်ဖာ ဘိလပ်မြေစက်ရုံဘက်က ဘာတွေရနိုင်လဲဆိုတော့ အယ်လ်ဖာက ရွှေထွက်တယ်၊ ဘိလပ်မြေက အကြောင်းပြချက်ပဲလေ။ ပြီးတော့ အဲဒီရဲ့ဒီဘက်မှာ Good Brother ဆိုတာ ရှိသေးတယ်။ အဲဒါက ဒေသတွင်း လူတွေလောက်ပဲသိတယ်။ Good Brother ကျတော့ စကျင်ကျောက်ပြားကြီးတွေ ထုတ်တာလေ။ သံ သတ္တုသိုက်လည်းရှိတယ်။ သံမဏိအတွက် အရေးပါတာပေါ့။ ပြီးတော့ ဘိလပ်မြေကုန်ကြမ်းထဲမှာလည်း ပါတယ်။ မတ္တရာ-မန္တလေးလမ်းဘေး၊ လင်းမြွေချောင်းနဲ့ ထီးတော်မိုးရဲ့ အရှေ့ဘက် ရွှေတောင်ဦးခေါ် ဖောင်တော်ဦးတောင်ထိပ်က စကစက လက်နက်ကြီးထိုင်ထားတာ ကြာပြီလေ။ အဲဒီကနေ တောက်လျှောက်ပစ်နေတယ်။ မတ္တရာက ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နေ့ မနက်အထိ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်သွားတယ်။ မတ္တရာ ဘိုကုန်း၊ ကျောက်တံတား၊ ထန်းပင်ကုန်းကြားရွာပေါ့နော်၊ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်။ ကိုယ့်ဘက်က ထိန်းချုပ်နိုင်တယ်၊ တားဆီးနိုင်တဲ့ အနေအထား ရှိတယ်။”

၂၀၂၄ ဇူလိုင် ၃၁ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေအရ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူထားတာပါ။

စစ်ရေးပြဿနာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက် စတဲ့ အခြေခံလိုအပ်ချက်တွေမှာ အခက်အခဲဖြစ်နေတယ်လို့ မတ္တရာဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အခက်အခဲကတော့ ပြောကိုမနေနဲ့၊ နေ့တဝက်နဲ့ရောက်မယ့် ခရီးက တနေကုန်ခရီးသွားရတယ်။ လမ်းပန်းတွေကလည်း ဆိုးတဲ့အခါကျတော့ ပင်ပန်းတယ်ပေါ့နော်။ ပိုပြီးတော့လည်း ဝေးကွာတယ်ပေါ့နော် သွားရတာတွေ။ ရေတတန် ကုန်းတတန် အဲဒီလိုမျိုး သွားရတယ်ပေ့ါ။ အများနဲ့ကြုံရတာပေါ့ အကုန်လုံးပေါ့။ ကိုယ်တဦးတယောက်တည်း ကြုံရတာတော့ မဟုတ်ပါဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုစားရတာပေါ့။ တောကထွက်တဲ့ အသီးအနှံလေးတွေ ကိုယ်စိုက်ပျိုးထားတဲ့ အသီးအနှံလေးတွေ ခူးစားကြရတာပေါ့၊ ဖြစ်သလိုတော့ စားရတာပေါ့။ စားဝတ်နေရေးမှာလည်း အခက်အခဲရှိပါတယ် အားလုံး။ ဆေးဝါးဆိုတာလည်း ထိထိရောက်ရောက် ကုသခွင့်မရဘူး၊ အဲဒီလိုမျိုးလေးတွေ ရှိပါတယ်။ အခက်အခဲလေးတွေကတော့ တော်တော်များများရှိပါတယ်။ အခုကျတော့ မန္တလေးဆေးရုံ တခေါက်သွားပြဖို့ရာ ခဲခဲယဉ်းယဉ်းဖြစ်တယ်လေ၊ လမ်းတွေ သွားရလာရတာနဲ့။”

၁၀၂၇ စစ်ဆင်ရေး နှောင်းပိုင်းမှာ မန္တလေးတိုင်းထဲက လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။

သပိတ်ကျင်းမြို့အနီးက PDF တွေ သိမ်းယူထားတဲ့ ၅ မိုင်နဲ့ ၆ မိုင်စခန်းတွေကို ဇူလိုင်လလယ်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူထားပြီး ၄ မိုင်ရွာမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

၂၀၂၄ ဩဂုတ် ၂၅ ရက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဧရာဝတီမြစ်ရိုးကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013