Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ရခိုင်တိုင်းရင်းသား ၂၃ ဦးဖမ်းဆီးခံရ
DVB
·
July 21, 2025
Photo: Min Tun

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ  ၁ လအတွင်း  ရခိုင်တိုင်းရင်းသား  ၂၃ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။

ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ဧရာဝတီတိုင်းမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသား ၂၃ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီရဲတပ်ဖွဲ့နဲ့  နီးစပ်သူက “တပ်က ဖမ်းတာများတယ်။ တရားမဝင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတယ်ဆိုပြီး အဖမ်းခံရတာရှိသလို စစ်ရှောင်လာရင် AA တပ်သားတွေလို့ စွပ်စွဲခံရပြီး အဖမ်းခံရတဲ့သူတွေလည်း ပါတယ်"လို့ ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသား ၂၃ ယောက်ဟာ ငရုတ်ကောင်း၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူစတဲ့မြို့နယ်တွေကနေ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဟိုင်းကြီးကျွန်း ဒေသခံတယောက်က ''မိသားစုက ဟိုင်းကြီးကျွန်းမှာရှိလို့ လာတာပါ။ ရခိုင်မှာ အခြေအနေမကောင်းတော့ ပြေးလာတာပါ။ အဲ့ဒါကို AA တပ်ကဆိုပြီး အုပ်ကြီးရဲ့ သတင်းပေးချက်နဲ့ အဖမ်းခံရတာ။ အခုအထိ အဆက်အသွယ်မရဘူး” လို့ ပြောပါတယ်။

အဖမ်းခံထားရတဲ့  ၂၃ ယောက်ထဲက တချို့ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့ ရခိုင်တိုင်းရင်းသားတွေက ရေလုပ်ငန်း၊ ငါးပိ၊ ငါးခြောက် လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ပြီး စစ်ကောင်စီတပ်က လာဖမ်းတဲ့ အချိန်ကတည်းက ရိုက်နှက်၊ ခြေထောက်နဲ့ ကန်ပြီး ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေသူတွေက ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လကလည်း ဟိုင်းကြီးကျွန်းမြို့နဲ့ ရေကြည်မြို့နယ်ကို ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်တိုင်းရင်းသား ၁၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ဖမ်းဆီးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013