
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းကကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၅ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့၊ လွိုင်လင်လေးမြို့နဲ့ မိုးဗြဲမြို့တွေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်တွေကနေ တာဝေးပစ်လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာကြောင့် ကျေးရွာ ၂ ရွာက အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၃ ယောက် သေဆုံးခဲ့ရပြီး ၇ ယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။
KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အတွက် ပြည်သူတွေ သေဆုံး ထိခိုက်ရတာဖြစ်ပါတယ်။ သေဆုံး ထိခိုက်ရသူတွေက ဖယ်ခုံအရှေ့ဘက်ကမ်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို မလာရောက်နိုင်တော့တဲ့သူတွေပေါ့နော်၊ ပိတ်မိတဲ့သူတွေပေါ့။ မိုးဗြဲ လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နောက်မှာ အနောက်ဘက်ကမ်းကို မကူးရသေးတဲ့ ပြည်သူတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖယ်ခုံအရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ပြည်သူ သေဆုံးတာ၊ ထိခိုက်တာတွေအပြင် ကျေးရွာအတွင်းက နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဖယ်ခုံအရှေ့ဘက်ကမ်းက ပြည်သူတွေကို စစ်ရှောင်အရေးကူညီပေးသူတွေက ကယ်ထုတ်ပေးခဲ့ပေမဲ့ ဇူလိုင် ၁ဝ ရက်နေ့မှာတော့ ကယ်ထုတ်တဲ့လမ်းကြောင်းကို စစ်ကောင်စီ ထိန်းချုပ်လိုက်တဲ့အတွက် ကယ်ထုတ်လို့မရတော့တာဖြစ်ပါတယ်။
ဖြစ်စဥ်သိသူတယောက်က “သေဆုံးရော ထိခိုက်တာရောရှိတယ်။ ကျန်နေတဲ့သူတွေက တချို့က မရှောင်ကြတဲ့သူတွေရော ပိတ်မိနေတဲ့သူတွေရောဆိုတော့လေ။ ပိတ်မိတယ်လို့တော့ ပြောလို့ရတာပေါ့။ လက်နက်ကြီးကတော့ ဆက်တိုက်ပစ်နေတာ၊ ဖယ်ခုံကနေရော လွိုင်ကော်ကနေရော ပစ်နေတာ” လို့ ပြောပါတယ်။
လွိုင်ကော်-ကုန်းသာ-မိုးဗြဲလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာဖြစ်လို့ စစ်ရေးအသိ သတိနဲ့ သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။