
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးတယောက် သေဆုံး၊ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်၊ နေ့လယ် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဇရပ်ဆိပ်ရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပွိုင့်ဖိုက်စစ်သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေယာဥ်က ဇရပ်ဆိပ်ရွာပေါ်ကနေ နိမ့်ဆင်းပြီး ပစ်လိုက်တဲ့အချိန်မှာ ဘိုင်းပြင်ရွာမှာ လက်နက်ကြီးသွားကျတယ်။ နေအိမ် ၃ လုံးပျက်စီးပြီး ကလေးတဦးသေတယ်။ ကလေးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ဘာမှမရှိတော့ဘူး။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးတယောက်သေဆုံးပြီး ဒေသခံ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မြေပြင်မှာလည်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
ပုလောမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက စစ်ရေးအရှိန်ဟုန်မြှင့်ဖို့ရှိတာကြောင့် ဒေသခံတွေအနေနဲ့ သတိရှိဖို့ ဒီကနေ့ အသိပေးထုတ်ပြန်ထားပါသေးတယ်။