
ပဲခူးမြို့၊ ဥဿာမြို့သစ် ၁ ရပ်ကွက်၊ ရေစက်လမ်းထိပ်မှာ ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းက အသက် ၇ နှစ် အရွယ် ကလေးတယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ရွှေဘုန်းပွင့် ဘုန်းတော်ကြီးစာသင်ကျောင်းမှာ Grade 1 တက်ရောက်နေတဲ့ မောင်ကျော်ကျော်မျိုး ဖြစ်ပြီး ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကို ဈေးဝယ်ရင်း ခလုတ်တိုက်မိတာကြောင့် ဓာတ်လိုက် သေဆုံးခဲ့တာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။
“အမေက ဈေးဆိုင်မှာ ခြင်ဆေးခွေ သွားဝယ်ခိုင်းလိုက်တာ။ မီးကြိုးကလည်း ပြတ်ကျနေတော့ ခလုတ်တိုက်မိပြီး ချော်လဲတာ။ ကလေးဆိုတော့ မီးကြိုးပြတ်ကျနေတာလည်း မသိဘူး ထင်ပါတယ်”
သေဆုံးသူ ကလေးငယ်ကို ပရဟိတအသင်းတခုက လာရောက်ယူဆောင်ပြီး ပဲခူးဆေးရုံမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးမှ အိမ်ပြန်ပို့ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ရပ်ကွက်အတွင်းမှာ မီးကြိုးပြတ်ကျတာ ၃ ရက်နီးပါးရှိနေတာကြောင့် လာရောက်ပြင်ဆင်ပေးဖို့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်အကြောင်းကြားထားပေမယ့်လည်း လာရောက် မပြုပြင်ပေးသေးဘူး လို့ ပြောပါတယ်။
မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာလည်း မေလနောက်ဆုံးအပတ်က အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် ဓာတ်လိုက်သေဆုံးခဲ့ပါသေးတယ်။