
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာအနီး လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၂၀၀ ကျော် အတွက် ဒေသခံတွေက စားနပ်ရိက္ခာ ထမင်းထုပ် ပို့ပေးနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဇူလိူင်ပထမပတ်ကစပြီး ပို့ရတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ ဒေသခံ ပြည်သူတွေအတွက် အခက်ခဲဖြစ်လာသလို ဝန်ထုပ်ဝန်ပိုးလည်း ပိုဖြစ်စေတယ်လို့ ပြောပါတယ်။
ရွာခံတယောက်က "စစ်သားက ရွာထဲကော ရွာပြင်ကော လာနေတော့ ခြံလည်းမသွားရဲဘူး။ ပြီးရင် ရွာသားကိုလည်း သူလိုအပ်တာတွေတောင်းတယ်။ ထမင်းထုပ်က နေ့တိုင်းပေးရတယ်။ နောက်ပြီး အရက်ဆိုအရက်၊ ဘီယာဆိုဘီယာ ဝယ်ပေးရတယ်။ မပေးရင်လည်း သူတို့ကို မလေးစားတာလား နင်တို့က PDFအားပေးသူတွေလားဆိုပြီးပြောတယ် ဟောက်တယ်။ သေနတ်နဲ့ ချိန်ပြီးလည်း ရွာသားတွေကို ခြိမ်းခြောက်တယ်"လို့ပြောပါတယ်။
ပြည်သူနေအိမ်အတွင်းသာမက စာသင်ကျောင်းတွေနဲ့၊ ရွာသားတွေရဲ့ ခြံတောင်ယာအတွင်းပါ တပ်စွဲနေထိုင်နေလို့ ဒေသခံတွေက မိမိလုံခြုံရေးကို အထူးစိုးရိမ်နေရပါတယ်။
ဇူလိူင် ၃ ရက်က စစ်တပ်နဲ့ ရင်းနှီးတဲ့ တပင်ပျော်ရွာ ကျောင်းထိုင်ဘုန်းကြီးကို အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင် ပြီးနောက် အခုလို စစ်ကောင်စီတပ်သားတွေ လာရောက်လုံခြုံရေးယူနေတာလို့ ရွာသားတွေက ပြောပါတယ်။
ရွာငံမြို့နယ်မှာ စစ်ကောင်စီက နယ်မြေစိုးမိုးထားပြီး စစ်ကြောင်းထိုးတာတွေ မကြာခဏ လုပ်ဆောင်လာကာ ဒေသခံတွေ စစ်ပွဲဖြစ်မှာကို စိုးရိမ်ကြောက်လန့် နေကြရပါတယ်။