
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း၊ ရှိမ်းမကားရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ငါးရယ်ရွာဘက် စစ်ကြောင်းထိုးကာ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာသားတယောက်က “မနက်အစောကြီး စစ်ကြောင်းထိုးလာပြီး ရွာအနီးရောက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ခတ်ပြီးဝင်လာတယ်။ ရုတ်တရက်ကြီး ဝင်လာတော့ ပြေးနိုင်လွှားနိုင်သူတွေက ပြေးနိုင်ခဲ့ပါတယ်။ ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိခဲ့ သေးတယ်။ အဖမ်းခံရတဲ့ အရပ်သားလ ခန့်မှန်း အနည်းဆုံး အယောက် ၅၀ ကျော် ရှိမယ်ဗျ။ ကလေးတွေရော၊ အမျိုးသမီးတွေရော အဘိုးအို၊ အဘွားအိုတွေလည်း ပါဝင်ပါတယ်ဗျ။ အဲရွာသားတွေကို စစ်တပ်က ဖမ်းထားကြတယ်ဗျ။ စစ်တပ်က ညနေ ၅ နာရီ ကျော်တဲ့အထိ ရွာထဲကနေ မထွက်သေးတော့ ရွာအတွင်းအခြေအနေ အပြည့်စုံကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူ ကိုနေမျိုးအောင်က “စစ်ကြောင်းက ၂ ကြောင်ရှိတာ။ ရှိန်းမကား ေ-းခြံကနေ ထွက်လာတဲ့ စစ်ကြောင်းက ရှိန်းမကားရွာတောင်ဘက် တောချောင်းကြီးကို ဖြတ်ပြီး ငါးရယ်ရွာထဲဝင်နေတယ်ဗျ။ စစ်တပ်အင်အား ၇၀ လောက်တော့ ရှိလိမ့်မယ်။ နောက်ထပ်စစ်ကြောင်းက စစ်ကိုင်းမြို့နယ် မင်ကွန်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်း၊ ကျနော်တို့ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်ရွာထဲရောက်နေတယ်။ ကျနော်တို့ အဖွဲ့တွေအနေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ပြောလို့ရတယ်ဗျ။ ငါးရယ်ရွာအတွင်း အခြေအနေရော၊ စဉ့်ကိုင်ရွာအတွင်း အခြေအနေတွေက စစ်တပ်မထွက်သေးတော့ ရှင်းလင်းရေး မလုပ်ရသေးတာ့ ဘာမှအသေးစိတ် အတည်ပြုပေးလို့ မရသေးဘူး” လို့ ပြောပါတယ်။
ငါးရယ်ရွာဟာ အိမ်ခြေ ၅ဝ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဧရာဝတီမြစ်ကမ်းအနီးမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။