
ရန်ကုန်တိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ ကင်းလှည့်တဲ့အချိန် ခွေးဟောင်လို့ဆိုပြီး စစ်ကောင်စီတပ်က စည်ပင်ဌာနကို လမ်းဘေးခွေးတွေ အဆိပ်ခတ် သတ်ခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံနဲ့ သာကေတမြို့နယ်ထဲမှာ စည်ပင်က ခွေးတွေကို အစာလိုက်ကျွေပြီး အစာထဲမှာ အဆိပ်ခတ်ထားတာလို့ ဆိုပါတယ်။
သာကေတမြို့ခံတယောက်က “စည်ပင်က အဆိပ်လိုက်ခတ်တာ ခုဆိုရင် လမ်းဘေးခွေး အတော်များများ သေတယ်။ ပိုင်ရှင်ရှိတဲ့ ခွေးတွေကတော့ အိမ်ထဲမှာ သေချာကြိုးချည်ထားလို့ သိပ်မပါသွားဘူး” လို့ ပြောပါတယ်။
ခွေးဆိုတာတော့ ဟောင်မှာပဲလေ၊ သူတို့က ခိုးကြောင်ခိုးဝှက်နဲ့ ရပ်ကွက်ထဲတွေ ဝင်တော့ ခွေးက ဟောင်မှာပေါ့၊ အထူးသဖြင့် စစ်သားကို မြင်ရင် လူမပြောနဲ့ ခွေးတောင် ကြည့်မရလို့ ဟောင်တာနေမှာပေါ့၊ ခုခေတ်ကတော့ သူတို့လက်ထဲမှာ သေနတ်ကြီးတွေရှိတော့ ထင်ရာလုပ်နေတာပဲလေ၊ ဥပဒေဆိုတာက သူတို့ရဲ့ သေနတ်ပြောင်းဝမှာပဲလေ၊ ခွေးတွေ သေရသလို သူတို့လည်း ပြန်ခံစားရမှာပါလို့ ဆိုပါတယ်။
ဇူလိုင် ဒုတိယအပတ်ကတည်းက ခွေးတွေကို လိုက်ရှင်းနေတာဖြစ်ပြီး ဇူလိုင် ၂၇ ရက်အထိ သေဆုံးတဲ့ခွေး အကောင် ၁၀၀ အထက် ရှိနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။