Home
မြန်မာသတင်း
ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀ အထိရှိလာ
DVB
·
July 28, 2025

ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၃၀၀ ကျော်ရှိပြီး သေဆုံးသူ အယောက် ၂၀ အထိ ရှိလာတာကြောင့် ဖြစ်ပွားရာမြို့နယ်တွေကို သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေ ၂၀ အထိ ရှိလာပြီးနောက် အဖြစ်များတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတမြို့နယ်တွေမှာ ကြိုတင်ကာကွယ်ရေးအနေနဲ့ ခြင်ဆေးဖျန်းတာ၊ အဘိတ်ဆေးခတ်တာ၊ ရေမြောင်းဖော်တာတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“မေလအထိ ၅ ယောက် သေတယ်။ ဇွန်လမှာ ၁၅ ယောက်၊ ဇူလိုင်လအထိ စာရင်းအရ သွေးလွန်တုပ်ကွေးကြောင့် သေတဲ့သူ ၂၀ ရှိတယ်။ အဖြစ်များတာ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေ။”

စစ်ကောင်စီဘက်က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စီမံချက်အဖြစ် ၄၄ မြို့နယ်မှာ ဇူလိုင် ၂၁ ရက်ကနေ ၃၀ ရက်အထိ အဘိတ်ဆေးခတ်တာ၊ ခြင်ဆေးဖျန်းတာတွေကို အထူးစီမံချက်အနေနဲ့ လုပ်ဆောင်နေပေမဲ့ ထိရောက်မှုမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အိမ်တွေမှာ အဘိတ်ဆေး လိုက်ခတ်ဖို့ လူစုရင် ကျန်းမာရေးဘက်က လာချင်မှလာတာ။ အုပ်ချုပ်ရေးကလည်း ပါဝင်မှုမရှိဘူး။ လူတွေကလည်း ကိုယ်အိမ်ရှေ့ ရေစီးရေလာကောင်းဖို့ ရေမြောင်းမဖော်ဘူး။ ခေတ်ပျက်နေတဲ့အချိန် ကျန်းမာရေးဗဟုသုတမရှိသူတွေက အုပ်ချုပ်နေတော့ ကြားထဲက ပြည်သူတွေပဲ ခံရတာ။ မနှစ်က သေတာ ၁၅ ယောက်ပဲ ရှိတယ်။ ဒီနှစ် ပိုများတယ်။”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆,၄၅၂ ယောက်ရှိပြီး သေဆုံးသူ ၁၅ ယောက်ရှိကာ ဒီနှစ်သေဆုံးမှုဟာ အရင်နှစ်ကထက် များလာတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၃ ယောက် ရှိသလို ၂၀၂၂ ခုနှစ်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၄,၉၇၁ ယောက်ရှိပြီး သေဆုံးသူ ၉၇ ယောက် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အလားတူ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅,၄၄၆ ယောက်ရှိပြီး သေဆုံးသူ ၃၆ ယောက် ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013