
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်တွေကနေ ဝင်ရောက်ဖြေဆိုခဲ့သူတွေထဲက ရန်ကုန်နဲ့ မန္တလေးထောင်က ၁၇ ယောက် အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူးရှင် ၆ ယောက်ပါတယ်လို့ သိရပါတယ်။
ရန်ကုန် အင်းစိန်ထောင်က ၁၀ ယောက် ဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူး ၁ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၃ ယောက်၊ ၁ ဘာသာဂုဏ်ထူး ၄ ယောက်နဲ့ ရိုးရိုးအောင်တဲ့သူ ၂ ယောက်ရှိပါတယ်။
မန္တလေးထောင်ကနေ ဖြေဆိုသူတွေထဲကတော့ ၃ ဘာသာဂုဏ်ထူး ၅ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁ ယောက်၊ ရိုးရိုးအောင်မြင်သူ ၁ ယောက်ရှိပါတယ်။
ရန်ကုန်ထောင်ကနေ အောင်မြင်သူတွေထဲမှာ မိန်းကလေး ၄ ယောက်ပါဝင်ပြီး ကျန်တဲ့သူ အားလုံးကတော့ ယောကျ်ားလေးတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာလည်း အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ဖြေဆိုအောင်မြင်သူတွေထဲက တယောက်ဟာ မြန်မာတနိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ တတိယ အမှတ်အများဆုံးနဲ့ ရန်ကုန်တိုင်းမှာ ဝိဇ္ဇာဘာသာတွဲ ပထမဆုရခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်ကတော့ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဝင်ရောက်ဖြေဆိုသူ ၄၈ ယောက်ရှိတာမှာ ၄၄ ယောက် အောင်မြင်ပြီး ၄၁ ယောက်ကတော့ ဂုဏ်ထူးထွက်ခဲ့ပါတယ်။
စစ်ကောင်စီလက်ထက်မှာ ၄ ကြိမ်မြောက်ပြုလုပ်တဲ့ အခု ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူပေါင်း ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုပြီး ၉၉,၀၀၀ ကျော် အောင်မြင်တာဖြစ်ပါတယ်။