Home
မြန်မာသတင်း
ရွှေနန်းသုခ ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဝန်ထမ်း၂ ဦး ဒဏ်ရာရပြီး ရွှေနှင့်ငွေများ ပါသွား
DVB
·
July 24, 2025

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းမှာရှိတဲ့ ရွှေနန်းသုခ ရွှေဆိုင် ဇူလိုင် ၂၄ ရက် ဒီကနေ့ ညနေ ၄ နာရီက ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်း ၂ ယောက် ဒဏ်ရာရကာ ရွှေပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ ညနေ ၄ နာရီက ၃၉ လမ်း၊ ၈၄x ၈၅ လမ်းမှာရှိတဲ့ ရွှေနန်းသုခ ရွှေဆိုင်ကို အမည်မသိအမျိုးသား ၄ ယောက် သေနတ်ပစ်ဖောက်ဝင်လာပြီး ဝန်ထမ်းတွေကို ဝမ်းလျားမှောက်ခိုင်းကာ ရွှေနဲ့ရောင်းရငွေတွေကို ဓားပြတိုက်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ကားနဲ့လာပြီး ဓားပြတိုက်တာ၊ သေနတ်တွေပါ ပစ်ဖောက်၊ ဝန်ထမ်းတွေကိုလည်း.ထိုးကြိတ်ပြီး ဆိုင်ထဲက ရွှေတွေရော ရောင်းထားတဲ့ပိုက်ဆံတွေရော ယူသွားတာ။”

ရွှေနန်းသုခရွှေဆိုင်ကို အမည်မသိလူ ၆ ယောက် က ကားနဲ့လာပြီး ဝန်ထမ်းတွေကို သေနတ်နဲ့ပစ်ဖောက် ခြိမ်းခြောက်ကာ ရွှေထည်ပစွည်းနဲ့ငွေသိန်း ၃၀ ယူသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“၆ ယောက်လာတာ ၂ ယောက်က ကားပေါ်ကစောင့်တယ်၊ ၄ ယောက်က ရွှေဆိုင်ထဲဝင်ပြီး ဓားပြတိုက်တာ။ ဝန်ထမ်း ၂ ယောက်ကို ထိုးကြိတ်သွားတယ်။ ငွေက သိန်း ၃၀ ပါသွားတယ်။ ရွှေကစစ်ဆေးနေတုန်း။” 

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ရွှေနန်းသုခရွှေဆိုင်မှ CCTV မှတ်တမ်းတွေကို စစ်ဆေးကာ ပြစ်မှုကျူးလွန်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း မန္တလေးတိုင်း တံတားဦး၊ အမရပူရ၊ ချမ်းမြသာစည်၊ မဟာအောင်

မြေနဲ့ ကျောက်ဆည်မြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု ၅ ကြိမ်၊ လုယက်မှု ၅ ကြိမ်ကျူးလွန်ခဲ့တဲ့ နေထက်လင်း ဦးဆောင်တဲ့ ၁၇ ဦးဂိုဏ်းကို ရဲတွေကဖမ်းမိခဲ့ပေမဲ့ တိုက်ရာပါ ရွှေနဲ့ငွေတွေ မရဘူးလို့ ထုတ်ပြန်ထားပါတယ်။

အလားတူပင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ကလည်း မဟာအောင်မြေမြို့နယ် ဗောဓိကုန်း ကမ္ဘောဇဘဏ် ၃၇ ဓားပြတိုက်ခံရပြီး သိန်း ၁၅၀၀ ပါသွားတဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013