
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုဟာ ဇူလိုင် ၂၄ ရက်နေ့မှာ ထီးချိုင့်မြို့ဆီကိုရောက်ရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံက DVB ကို ပြောပါတယ်။
မြေပြင်မှာရှိပြီး PDF တွေနဲ့နီးစပ်သူက “မျက်မြင်တွေ့ရတာ ၁၇ စီးပဲအစ်ကို။ နောက်ဆုံးသိသလောက် အခုက ပုတောက်လှနားမှာ ကပ်ထားတယ်ဗျ။ ထီးချိုင့်ရဲ့ အထက်နားလောက်လေးပဲ။ ကပ်လျက်ကလေးပဲ။ သူတို့ လွန်ခဲ့တဲ့ ၂ နာရီ၊ ၃ နာရီလောက်ကတည်းက ရောက်တာအစ်ကို။ မြင်တာလောက်တော့ အပြည့်ပဲ သူတို့ မိုးကာအုပ်ထားတာဆိုတော့ အတွင်းထဲတော့ မြင်ရတဲ့အခြေအနေမှာတော့ မရှိဘူးပေါ့” လို့ မြန်မာစံတော်ချိန် ညနေ ၄ နာရီမှာ DVB ကိုပြောပါတယ်။
ပုတောက်လှဆိုတာကတော့ ထီးချိုင့်မြို့မှာရှိတဲ့ မစိုးရိမ်ကျောင်းတိုက်ဝန်းကျင်ကို ဆိုလိုတာဖြစ်ပြီး လက်နက်၊ ရိက္ခာနဲ့ တပ်အင်အား အများအပြားပါဝင်လာကာ ထီးချိုင့်မြို့မှာလည်း စစ်ကူအင်အားတွေ ချပေးနေကြောင်း သူကဆိုပါတယ်။
လက်ရှိ ဂျက်ဖိုက်တာတွေ မြို့ပေါ်ဝဲနေသလို ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာတချို့ဆီ ကျည်ကျရောက်တာရှိပေမဲ့ ပြည်သူတွေ ထိခိုက်တဲ့ သတင်းမကြားရသေးကြောင်း သိရပါတယ်။
စစ်ကောင်စီသင်္ဘောတွေဟာ ကချင်ဘက်ကို ဆန်တက်ချင်တဲ့သဘောရှိပြီး ထီးချိုင့်မှာလည်း ညအိပ် ရပ်နားနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဗန်းမော်ကို ဆက်တက်လာမလားဆိုတာ စောင့်ကြည့်နေကြောင်း DVB ကို ဇူလိုင် ၂၂ ရက်နေ့က ဖြေဆိုထားပါတယ်။
လက်ရှိ ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေပါ နေရာယူထားပြီး ယခင်တိုက်ပွဲတွေကြောင့် နေအိမ်အတော်များများ ပျက်ဆီးထားကြောင်း ဒေသခံတွေကဆိုကြပါတယ်။
စစ်သင်္ဘောတွေ ရောက်လာတာကြောင့် ထီးချိုင့်မြို့နယ် မြစ်ကမ်းနံဘေးနေကြတဲ့ ပြည်သူထောင်နဲ့ချီပြီး ကြိုတင်တိမ်းရှောင်နေရပါတယ်။