
မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ ဇူလိုင် ၁၉ ရက် ည ၈ နာရီလောက်က မီးလောင်ခဲ့ပြီး နေအိမ် ၈ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားက နံကပ်နှစ်ထပ်အိမ်ရဲ့အပေါ်ထပ်မှာ Bluetooth Speaker Box အားသွင်းထားရာက ည ၇ နာရီ ၅၃ မိနစ်မှာ ဘက်ထရီပွင့်ထွက်ပြီး အနားကအဝတ်အစားတွေကို မီးကူးစက် စတင်လောင်ကျွမ်းတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မီးလောင်မှုအရှိန်က ပြင်းတယ်၊ တော်သေးလို့ ဒီလောက်ပဲ ဆုံးရှုံးတာ၊ လူတွေလည်း အချိန်မီရှောင်နိုင်ခဲ့လို့သေဆုံး ထိခိုက်တာမရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အယောက် ၃၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အယောက် ၇၀၊ စုစုပေါင်း အယောက် ၁၀၀ က မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ စုစုပေါင်း ၁၇ စီး အသုံးပြု ငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီ ၁၅ မိနစ် လောက်မှာ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး ကျောက်ပြားခင်း နှစ်ထပ်အိမ် ၅ လုံး၊ သွပ်မိုး ထရံကာ ပျဉ်ခင်း နှစ်ထပ်အိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတယောက်က “ဆုံးရှုံးတဲ့တန်ဖိုး အသေးစိတ်ကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်နေပါတယ်။ မီးဘေးသင့်သူ အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၂၂ ယောက်ပါ။ လတ်တလောလိုတာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ငှားရမ်းနေထိုင်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကို မဟာအောင်မြေမြို့နယ်၊ အမှတ် ၉ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။