Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မန္တလေးတွင် ကျပ်သန်း ၂ သောင်းကျော်ဖိုး မူးယစ်ဆေးဖမ်းမိ
DVB
·
July 15, 2025
CCDAC15072025-2-1
CCDAC15072025-1
CCDAC15072025 (2)

စစ်ကိုင်းနဲ့ ချမ်းမြသာစည်မြို့နယ်တို့ကနေ ငွေကျပ်သန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးနဲ့ ဘိန်းတွေဖမ်းမိတယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဇူလိုင် ၁၅ ဒီညမှာ ထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၇ ရက် ညနေ ၆ နာရီခွဲအချိန် သတင်းအရ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းမှာ ကျော်မင်းထွန်း မောင်းနှင်ပြီး ကျော်ထက်အောင် လိုက်ပါလာတဲ့ Hyundai Starex ကားနဲ့ ဟန်ဌေး မောင်းနှင်တဲ့ Hyundai Starex ကားတို့ကို စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

ကားတွေပေါ်ကနေ  စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂၅ သန်းနဲ့ ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးတွေသယ်ဆောင်ခိုင်းသူ ဟိန်းမင်းလတ် ကို ဇူလိုင် ၈ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်က တည်းခိုခန်းမှာ Ford Ranger ကားနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဖော်ထုတ်ချက်အရ မန္တလေးကနေကလေးကို မူးယစ်ဆေးတွေ သယ်ဆောင် ရောင်းဝယ်သူတွေဖြစ်တဲ့ ဗန်ကျဲအိုမန်း နဲ့ ရွန်လှေကျုံး တို့ကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၁ အိုင်လမ်းက နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာသုံးတဲ့ ဆီဘောက်ဆာယာဉ် ၂ စီး၊ Toyota Hilux Surf ၁ စီးနဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့လို့ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂၅ သန်း(ဒေသတန်ဖိုးငွေကျပ် သန်း ၁,၉၀၀ ကျော်) ဘိန်းဖြူ ၂၂ ကီလို (ဒေသတန်ဖိုးငွေကျပ် သန်း ၁,၁၀၀ ကျော်) ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဲဒီမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်ကနေ မန္တလေးကို သယ်ဆောင်ခိုင်းသူ ရှမ်းလေး၊ အောင်မြင့်ထွန်း နဲ့ မန္တလေးကနေ ကလေးကို သယ်ဆောင်ခိုင်းသူ စံရန်း တို့ဖြစ်တယ်ဆိုတာသိရလို့ သူတို့ကို အရေးယူထားသလို ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်ဖော်ထုတ်နေပြီး သူတို့ရဲ့ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာကနေရတဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ် လို့လည်း ဖော်ပြထားပါတယ်။

Photo : CCDAC MYANMAR

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013