Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ဆီတင်ကား  ၂ စီးမီးလောင်
DVB
·
July 15, 2025
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)
Photo: Kawlin People Defence Force (KLPDF)

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ထီးချိုင့်မြို့နယ်အစပ်က ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တ​ယောက် အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိကာ ပြည်သူပိုင်မော်တော်ယာဥ် ၂ စီးနဲ့ တခြား အဆောက်အအုံတွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကောလင်းမြို့နယ် သတင်းအချက်အလက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ကောလင်း-ထီးချိုင့် မြို့နယ်အစပ်က ဒိုးပင်ရွာကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစီးက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာ။ လက်ရှိစာရင်းအရကတော့ ကလေးငယ်တယောက် အပါအဝင် ​အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် စုစုပေါင်း ၄ ယောက် ဒဏ်ရာရတယ်။ အဲဒီထဲမှာ တယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် ဆီဘောက်ဆာကား ၂ စီး အပါအဝင် ဈေးဆိုင်တချို့၊ တခြားအဆောက်အအုံတချို့နဲ့ ပြည်သူပိုင်ပစ္စည်း အများအပြားလည်း ထိခိုက် ပျက်စီးကုန်ပါတယ်။

Kawlin People Defence Force (KLPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီ ဂျက်ဖိုက်တာက တံတားဦးလေတပ်ကနေ တက်လာပြီးတော့ တိုက်ပွဲဖြစ်တာမရှိတဲ့ ဒိုးပင်ရွာထဲကို ဗုံးကြဲသွားတာပါ။ ပေါင် ၅၀၀ ဗုံး ဖြစ်ဖို့များတယ်။ ဆီဘောက်ဆာတွေ ထိကုန်တော့ မီးလောင်ပျက်စီးမှုက များတယ်” လို့ ပြောပါတယ်။

ညဦးပိုင်းအချိန်အထိ မီးငြှိမ်းသတ်နေကြရပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်လာနေလို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပေးနေတဲ့ လေကြောင်းရန် သတိပေးချက်တွေကို အလေးထား လိုက်နာကြဖို့လည်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013