ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်မိတဲ့အပြင် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “အမျိုးသမီး ၅ ယောက်က ပွဲချင်းပြီးဆုံးတယ်။ အမျိုးသား တယောက်က ဆေးရုံပို့တဲ့ လမ်းမှာဆုံးတယ်။ ပေါင် ၅၀၀ ကတော့ သေချာတာပေါ့နော်။ လူမှု စီးပွားရေး ထိခိုက်စေလိုတဲ့ ဆန္ဒရှိတယ်လို့ မှတ်လို့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ ပါတယ်။
ဇူလိုင် ၁၄ ရက် မနက်အစော ၁၂ နာရီဝန်းကျင်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေ အနီးနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် ထိခိုက်မိပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မော်ချီးဒေသအနီးကို လေကြောင်းကနေ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။